ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်စည်ပင်သာယာရေးကော်မတီနှင့်
ကျိုင်းတုံခရိုင်စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုဖြင့် ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေးကော်မတီနှင့်
မြို့မဈေး အကျိုးတော်ဆောင်ကော်မတီများမှ ကြီးကြပ်၍ ကျိုင်းတုံမြို့မဈေး အတွင်းရှိ ဆိုင်ခန်းများနှင့်
အပြင်ဘက်ရှိ ပျံကျဆိုင်ခန်းများကို မေလ ၁ ရက်မှ စတင်၍ ရောင်းချရန် ပြန်လည်ခွင့်ပြု
ထားကြောင်း သိရသည်။
.
.
ယင်းကဲ့သို့
ပြန်လည်ရောင်းချခွင့်ပြုရာတွင် ကျိုင်းတုံမြို့မဈေးအတွင်းနှင့် အပြင်ဘက်တွင် ခင်းကျင်းရောင်းချလျက်
ရှိသော ဟင်းသီးဟင်းရွက်၊ သားငါး၊ စားသောက်ကုန်နှင့် ဆေးဝါးများကို မေလ ၁ ရက်မှ စတင်၍
နေ့စဉ် ပြန်လည် ရောင်းချခွင့်ပြု ပေးမည်ဖြစ်ပြီး ရတနာဆိုင်၊ အဝတ်အထည်ဆိုင်၊ ဖိနပ်၊
အိတ်၊ လျှပ်စစ်ပစ္စည်း၊ ကုန်မျိုးစုံ စသည့် လူသုံးကုန်ပစ္စည်းအရောင်းဆိုင်များကို မေလ
၂ ရက်မှ စတင်၍ တစ်ရက်ခြား ရောင်းချခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။
“ဈေးကော်မတီအကျိုးဆောင်နဲ့
ဈေးသူဈေးသား၊ ရောင်းသူဝယ်သူတွေရဲ့ အကြံပြု ပူးပေါင်းကူညီမှုနဲ့ COVID-19 ရောဂါ ကာကွယ်ရေး
အသိသတိနဲ့ ရောင်းသူ၊ ဝယ်သူ ၂ ဘက်အဆင်ပြေအောင် စီစဉ်ပေးထားပါတယ်” ဟု ကျိုင်းတုံမြို့နယ်
စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးကျော်မင်းထိုက်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထို့အတူ
ကျိုင်းတုံမြို့မဈေး ကော်မတီ အကျိုးဆောင်တစ်ဦးကလည်း “COVID-19 ရောဂါ ကူးစက်မှာကို
ကြိုတင် ကာကွယ်တဲ့ အစီအမံတွေလည်း လုပ်ထားပါတယ်။ ဥပမာ စားသောက်ဆိုင်တွေ ပါဆယ်ရောင်းခွင့်ရှိတယ်။
ဆိုင်ထိုင်ဖို့ ခုံခင်းခွင့်မရှိပါဘူး။ ပြီးတော့ ဈေးဆိုင်ခန်းအားလုံးက ရောင်းသူနဲ့
ဝယ်သူအကြားမှာ အကွာအဝေး စည်းခြားပေးထား တာရှိပါတယ်” ဟု ပြောဆိုခဲ့သည်။
.
ကျိုင်းတုံ
မြို့မဈေးသည် ရှမ်း ပြည်နယ်အရှေ့ပိုင်းတွင် လူသိများ ထင်ရှားသည့် ဈေးတစ်ခု
ဖြစ်ပြီး ဈေးဆိုင်ခန်းပေါင်း ၁၁၀၀ ကျော်ရှိကာ ကမ္ဘာတစ်ဝှမ်း ဖြစ်ပွားလျက်ရှိသော COVID-19 ရောဂါ ကူးစက်မှုမှ
ကာကွယ်နိုင်ရန်အတွက် ဧပြီလ ၃၀ ရက်အထိ ယာယီပိတ်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.