ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း
ကျိုင်းတုံမြို့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ရှမ်းတိုင်းရင်းသားများ၏ ၆၀၉ နှစ်မြောက်
မဟာသင်္ကြန် နန္ဒဘေရီ စည်တော်တင်ပွဲနှင့် ပို့ဆောင်ပူဇော်ပွဲကို ယနေ့ ဧပြီလ ၁၂ ရက်တွင်
ရိုးရာမပျက် လူအနည်းငယ်ဖြင့် ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
.
မြန်မာနိုင်ငံအပါအဝင်
ကမ္ဘာတစ်ဝှမ်းတွင် ဖြစ်ပွားနေသည့် COVID-19 ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် လူစု
လူဝေးများ မဖြစ်ပေါ်စေရန် ရည်ရွယ်ပြီး မြို့နယ်ဂေါပကအဖွဲ့ဖြင့်သာ စည်တော်တင်ပွဲကို
ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ပြီးခဲ့တဲ့နှစ်အထိ
စည်စည်ကားကား အခမ်းအနားနဲ့ လှူဒါန်းကျွေးမွေးပြီး ဧည့်ခံခဲ့ပါတယ်။ မြို့နယ်အတွင်းမှာရှိတဲ့
ဂုဏ်သရေရှိ တိုင်းရင်းသား လူကြီးမင်းတွေနဲ့ ပြည်သူတွေ အများကြီးတက်ရောက်ကြပါတယ်။ ဒီနှစ်တော့
COVID-19 ကြောင့် စည်တော်တင်မယ့် ရွှေညောင်ပင်ဝင်းကို တံခါးပိတ်ပြီး လုပ်ရပါတယ်” ဟု
ကျိုင်းတုံမြို့၊ အမှတ် (၃) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုင်းတွီက ကမ္ဘောဇတိုင်းသို့
ပြောသည်။
.
ထို့အတူ စည်တော်တင်ပွဲသို့
လာရောက်သည့် ကျိုင်းတုံမြို့မိမြို့ဖတစ်ဦးကလည်း “စည်တော်တင်ပြီးရင် မြန်မာ တစ်နိုင်ငံလုံးမှာရှိနေကြတဲ့
အစိုးရမင်းနဲ့ ဒေသန္တရအုပ်ချုပ်ရေး တာဝန်ရှိသူတွေရော ပြည်သူအားလုံးပါ ကိုယ်စိတ်နှစ်ပါး
ချမ်းသာကြပါစေ၊ စစ်မက်ဘေး ကင်းဝေးပါစေ၊ မိုးလေဝသကောင်းပြီး ဆန်စပါးသီးနှံတွေ အောင်မြင်ပါစေလို့
မေတ္တာပို့သ ဆုတောင်းပေးရပါတယ်” ဟု ပြောဆိုခဲ့သည်။
.
အဆိုပါ စည်တော်တင်ပွဲကို
ယနေ့ သင်္ကြန်အကြိုနေ့တွင် ကျင်းပပြီးနောက် ဧပြီလ ၁၃ ရက်၊ သင်္ကြန်အကျနေ့တွင် မြွေကိုစီးထားသည့်
သိကြားမင်းရုပ်တုဖြင့် စည်တော်သံ အဆက်မပြတ် တီးခတ်၍ ကျိုင်းတုံမြို့၊ အမှတ် (၅) ရပ်ကွက်ရှိ
လောင့်ကုပ် (ခေါ်) နမ့်ခင်းချောင်းဘေးရှိ ဖားရုပ်တုရှိရာသို့ ပို့ဆောင်ပူဇော်ပြီး ဖားစည်ပို့အခမ်းအနားကို
လူအနည်းငယ်ဖြင့် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
.
သမိုင်းမှတ်တမ်းများအရ မြန်မာကောဇာသက္ကရာဇ် ၇၆၅ ခုနှစ်၊
ခရစ်နှစ် ၁၄၀၃ ခုနှစ်တွင် စော်ဘွားကြီး စဝ်ကျောက်မထု လက်ထက် ခရစ်နှစ် ၁၄၁၀ အရောက်၌
ဟွေပွန်ဆိုသောအရပ်တွင် တောမီးအကြီးအကျယ် လောင်ကျွမ်းကာ တစ်နယ်လုံး
မိုးခေါင်ရေရှား၊ ငတ်မွတ်ခေါင်းပါးခြင်းကပ်ဆိုးနှင့် ရင်ဆိုင်ခဲ့ရသဖြင့်
စော်ဘွားကြီး၏ ပရောဟိတ်ပညာရှိ ဥတ္တရပုဏ္ဏား၏ ဟောကိန်းအရ ကျိုင်းတုံမြို့၏
နေ့နံတနင်္လာနံ ဖားရုပ်တုကြီးတစ်ခု ပြုလုပ်စေရာတွင် ၎င်းဖားရုပ်၏ပါးစပ်ထဲ၌
စန္ဒာလမင်းကို ငုံထားသည့်ပုံကို ထုလုပ်စေကာ သဲပုံစေတီနှင့်အတူ ထိုဖားရုပ်ကို
ပသပေးမည်ဟု အဆိုရှိသည်။
.
စော်ဘွားကြီး အယုံရှိသဖြင့် ပြုလုပ်စေခဲ့ရာ မိုးရွာသွန်းပြီး
တောင်သူလယ်သမားများ ကောင်းမွန်စွာ စိုက်ပျိုးထွန်ယက် နိုင်ခဲ့သဖြင့်
ထိုစော်ဘွားကြီးလက်ထက်မှ မှူးမတ်များဖြစ်ကြသည့် ဘယားစား၊ ဘရားဖာဆတ်၊ ဘယားဇဲ၊ ဘယားလိုက်တို့အား
အလှည့်ကျ ဆောင်ရွက်ရန် တာဝန်ပေးအပ်ခဲ့ရာမှ နှစ်စဉ်သင်္ကြန်အကျနေ့ တာဝန်ကျ
ဘယားအနွယ်ဝင်မှ ဦးဆောင်ပြီး ရှေးရိုးရာမပျက် ကျင်းပခဲ့ရာ ယနေ့ နှစ် ၆၀၉
နှစ်မြောက် ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။
.