COVID-19 ရောဂါ စစ်ဆေးနိုင်သည့် စက်ကို ကျိုင်းတုံတွင် တပ်မတော် အစီအစဉ်ဖြင့် ထားရှိသွားမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

COVID-19 ရောဂါ စစ်ဆေးနိုင်သည့် စက်ကို ကျိုင်းတုံတွင် တပ်မတော် အစီအစဉ်ဖြင့် ထားရှိသွားမည်


စိုင်းသိင်္ခသူ
.
COVID-19 ရောဂါ ဖြစ်ပွားမှု ထိန်းချုပ်နိုင်ရေးအတွက် လူအမြောက်အများကို ရောဂါပိုးရှိမရှိ တစ်ပြိုင်နက် စစ်ဆေး နိုင်သည့် COBAS 8600 စက်များကို နေပြည်တော်နှင့် ရန်ကုန်မြို့အပြင် ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် တပ်မတော်အစီအစဉ်ဖြင့် ထားရှိ သွားမည်ဖြစ်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
.
.
နေပြည်တော်ရှိ စစ်သမိုင်းပြတိုက်တွင် ဧပြီလ ၂၅ ရက်က ပြုလုပ်သည့် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့နှင့် သတင်းမီဒီယာများ တွေ့ဆုံပွဲတွင် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ် တုံ့ပြန်ရေးအတွက် တပ်မတော်မှ ပြင်ဆင် ထားမှုများအပေါ် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
.
COVID-19 ရောဂါရှိမရှိကို တစ်ရက်လျှင် လူ ၁၄၀၀ ခန့် စစ်ဆေးနိုင်သည့် စက် ၂ လုံးကို ရန်ကုန်နှင့် နေပြည်တော် ရှိ ကုတင် ၁၀၀၀ တပ်မတော်ဆေးရုံများတွင် ထားရှိသွားမည့်အပြင် ကျိုင်းတုံမြို့ရှိ ကုတင် ၃၀၀ ဆံ့ တပ်မတော်ဆေးရုံ တွင် တစ်ရက်လျှင် လူဦးရေ ၂၀၀ ခန့် စစ်ဆေးပေးနိုင်သည့် Really Time PCR စက်ကို ထားရှိပေးသွားရန် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ပြောသည်။
.
“စက်တွေက ဒီအတိုင်းသွားပို့လို့ မရဘူး။ စက်ထားဖို့ အခြေခံအဆောက်အဦတွေ ဆောက်ရမယ်။ ပြီးတာနဲ့ စက်တွေ စစ်ဆေးနိုင်အောင် ပို့ဆောင်ပေးသွားမှာပါ” ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ တြိဂံ​ဒေသတိုင်းစစ်ဌာနချုပ်မှ ​ပြော​ရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ​ဇော်ပိုင်ထွန်းအား ကမ္ဘောဇတိုင်းမှ ဆက်သွယ်မေးမြန်းရာတွင် “စက်နဲ့ ကိုက်ညီအောင် ဓါတ်ခွဲခန်းအဆောက်အဦ ပြင်ဆင်ဆောင်ရွက် နေပါတယ်။ အဲဒါပြီးရင်တော့ စက်ထားမယ်လို့ သိရပါတယ်။ အဆောက်အဦတော့ အမြန်ဆုံးပြီးအောင် ပြင်နေပါတယ်။ အချိန်အတိအကျတော့ မသိနိုင်သေးပါဘူး” ဟု ပြန်လည်ဖြေကြားခဲ့သည်။
.
COBAS 6800 စက်များကို တပ်မတော်မှ ၂၀၁၉ ခုနှစ်ကတည်းက ဝယ်ယူထားခဲ့ခြင်းဖြစ်ပြီး COVID-19 ရောဂါ စမ်းသပ်ဓါတ်ခွဲစစ်ဆေးရန်အတွက် ဝယ်ယူခြင်းမဟုတ်သော်လည်း အခြားရောဂါများနှင့် သွေးများကို စမ်းသပ်စစ်ဆေး နိုင်ရန်အတွက် ရည်ရွယ်ဝယ်ယူခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
.
COBAS 6800 စက်များသည် လက်ရှိအချိန်တွင် COVID-19 ရောဂါပိုး ဓါတ်ခွဲစမ်းသပ်ရာ၌ လူဦးရေအများအပြား၏ နမူနာ များကို တစ်ပြိုင်နက် စစ်ဆေးနိုင်သည့်အတွက် လိုအပ်သည့် နေရာများတွင် စစ်ဆေးနိုင်ရန် တပ်မတော်က စီစဉ်ထားရှိ ခြင်းဖြစ်သည်ဟု သိရသည်။
.
“အဲဒီစက်က ပထမဦးဆုံးစစ်ရင် တစ်ဦးကို ၂ နာရီဝန်းကျင်လောက် ကြာတယ်။ စက်က တစ်ရက်ကို လူ ၁၃၀၀ ဝန်းကျင်လောက် စစ်လို့ရတယ်” ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
.
ထို့အပြင် တပ်မတော်မှ နေပြည်တော်နှင့် ရန်ကုန်မြို့၌ Quarantine Center များဖွင့်လှစ်ထားပြီး နေပြည်တော်တွင် လူဦး ရေ ၁၅ဝဝဝ အထိ လည်းကောင်း၊ ရန်ကုန်မြို့တွင် လူဦးရေ ၁၀၀၀၀ အထိ လည်းကောင်း ကျန်းမာရေး စောင့်ကြပ်ကြည့်ရှုနိုင်ရန် ပြင်ဆင်ထားရှိသည်ဟု သိရသည်။
.

Journal Download

Photo of three cats