ထက်တိုင်းကျော်
.
မြန်မာ့စီးပွားရေးဘဏ်
(ရုံးချုပ်) စီမံခန့်ခွဲရေးဌာန၊ နေပြည်တော်၏ ညွှန်ကြားချက်အရ COVID-19 ကပ်ရောဂါ ကူးစက်မှုမှုမှ
ကြိုတင်ကာကွယ်နိုင်ရန် လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် မြန်မာ့စီးပွားရေး ဘဏ်ခွဲများတွင်
ပင်စင်လစာခံစားနေသည့် အငြိမ်းစားဝန်ထမ်းဟောင်းများ၏ ပင်စင်လစာ ထုတ်ယူခွင့်ကို ရပ်ကွက်/ကျေးရွာအုပ်စု
နယ်မြေအလိုက် ခွဲခြားထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
.
.
ယင်းညွှန်ကြားချက်အရ
ပင်စင်အငြိမ်းစားလစာ ခံစားထုတ်ယူကြမည့် နိုင်ငံ့ဝန်ထမ်းဟောင်းများအား COVID-19 ကပ်ရောဂါ ကူးစက်မှုမရှိစေရေးအတွက်
ဘဏ်ခွဲအဆောက်အဦနှင့် ဘဏ်ဝင်းအတွင်း စနစ်တကျ နေရာချထားရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့်
လုံခြုံမှုရှိစေရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ပြီး ပင်စင်ထုတ်ယူနိုင်သည့် ရက်များ အတွင်း
လူဦးရေ အကန့်အသတ်ဖြင့် စနစ်တကျ လာရောက်ထုတ်ယူကြရန် မေတ္တာရပ်ခံထားကြောင်း သိရသည်။
“ကျိုင်းတုံမြန်မာ့စီးပွားရေးဘဏ်ခွဲကနေ
ကျွန်တော်တို့ ရပ်ကွက်/ကျေးရွာအုပ်စုတွေကို မြို့နယ်အုပ်ချုပ်ရေးမှူးရုံး ကနေတစ်ဆင့်
အသိပေးအကြောင်းကြားစာတွေ ပေးထားလို့ ကျွန်တော်တို့လည်း ပင်စင်စားတွေကို အသိပေး ပြောထားပါတယ်”
ဟု ကျိုင်းတုံမြို့၊ အမှတ် (၁) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုင်းလုံက ကမ္ဘောဇတိုင်းသို့
ပြောသည်။
.
ယင်းကဲ့သို့
ပင်စင်လစာများအား ခွဲခြားထုတ်ပေးမှုနှင့် ပတ်သက်၍ ကျိုင်းတုံမြို့နေ စစ်မှုထမ်း အငြိမ်းစား
တစ်ဦး ကလည်း “အခုလို COVID-19
ရောဂါ ကာကွယ်ရေး အတွက် သတိထားနေရတဲ့အချိန်မှာ ပင်စင်စားတွေနဲ့ လူစုလူဝေး
မဖြစ်အောင် လုပ်ပေးတာ ကောင်းပါတယ်” ဟု ၎င်း၏ အမြင်ကို ပြောဆိုခဲ့သည်။
.
ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ
ကျိုင်းတုံပြည်သူ့ဆေးရုံကြီးတွင် COVID-19
ရောဂါ ကူးစက်ခံထားရသည့် လူနာ ၂ ဦး တက်ရောက်ဆေးကုသမှု ခံယူနေလျက်ရှိကြောင်း
သိရသည်။
.