ကျိုင်းတုံလေဆိပ်သို့ မြန်မာ့လေကြောင်းလိုင်းဖြင့် ဧပြီလ ၈ ရက်က လိုက်ပါလာသည့် ခရီးသည်များအား ကျိုင်းတုံ ဆေးရုံသို့ ဆက်သွယ်ရန် ကြေညာထား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျိုင်းတုံလေဆိပ်သို့ မြန်မာ့လေကြောင်းလိုင်းဖြင့် ဧပြီလ ၈ ရက်က လိုက်ပါလာသည့် ခရီးသည်များအား ကျိုင်းတုံ ဆေးရုံသို့ ဆက်သွယ်ရန် ကြေညာထား


ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့သို့ ဧပြီလ ၈ ရက်က မြန်မာ့လေကြောင်းလိုင်း ရန်ကုန်-ဟဲဟိုး-ကျိုင်းတုံ လေယာဉ်ခရီးစဉ်ဖြင့် လိုက်ပါစီးနင်းလာသည့် ခရီးသည်များအားလုံး ကျိုင်းတုံမြို့ရှိ ကုတင် ၂၀၀ ဆံ့ အထွေထွေ ရောဂါကုဆေးရုံသို့ အမြန်ဆုံး ဆက်သွယ်သတင်းပေးပို့ရန် ဧပြီလ ၁၂ ရက်က အသိပေးထုတ်ပြန် ကြေညာထားသည် ဟု သိရသည်။
.

.
အဆိုပါ လေကြောင်းခရီးစဉ်တွင် အမျိုးသား ၂၇ ဦး၊ အမျိုးသမီး ၃၀ ဦးတို့ လိုက်ပါစီးနင်းလာခြင်းဖြစ်ပြီး ခရီးစဉ်အတွင်း လိုက်ပါလာသူ အမျိုးသားတစ်ဦးသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဧပြီလ ၁၂ ရက်၊ နံနက် ၂ နာရီအချိန် ထုတ်ပြန်ချက်တွင် ပါရှိသောရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ဆေးရုံမှ COVID-19 ပိုးတွေ့လူနာအမှတ် ၃၃၊ ၃၄၊ ၃၅၊ ၃၆၊ ၃၇၊ ၃၈ တို့နှင့် ထိတွေ့ခဲ့ဖူးသူဖြစ်ကာ လက်ရှိတွင် ၎င်းသည်လည်း ဖျားခြင်း၊ လည်ချောင်းနာခြင်းများ ဖြစ်ပေါ်နေသည့် အတွက် မိုင်းဖြတ်ပြည်သူ့ဆေးရုံတွင် စောင့်ကြည့်လူနာအဖြစ် ဆေးဝါးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။
.
“ပြည်နယ် ကုသရေးနဲ့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနကနေ အဲဒီနေ့လေယာဉ်မှာ လိုက်ပါလာတဲ့ ခရီးသည်တွေကို ကျန်းမာရေး စစ်ဆေးဖို့ လိုအပ်တယ်လို့ သိရပါတယ်။ ကျွန်တော်တို့ ဆေးရုံအနေနဲ့ လိုအပ်တာတွေကို ပြင်ဆင်ထား ပါတယ်” ဟု ကျိုင်းတုံမြို့ရှိ ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာလှဌေးမင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့ရှိ စဝ်စံထွန်းဆေးရုံတွင် ဆေးဝါးကုသမှု ခံယူနေသည့် လူနာတစ်ဦး၌ COVID-19 ကူးစက်ရောဂါပိုး တွေ့ရှိထားကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဧပြီလ ၁၁ ရက်၊ ညပိုင်းတွင် ထုတ်ပြန်ခဲ့ပြီးနောက် ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသသို့လည်း ရောဂါ ကူးစက်လာမည်ကို ဒေသခံများက စိုးရိမ်လျက် ရှိကြောင်း သိရသည်။
.
ရှမ်းပြည်နယ်အတွင်း COVID-19 ရောဂါပိုး အတည်ပြုလူနာ ၂ ဦး တွေ့ရှိထားပြီး ၎င်းတို့မှာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲဆေးရုံမှ လားရှိုးဆေးရုံသို့ လွှဲပြောင်းလာသည့် လူနာတစ်ဦးနှင့် ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံမှ လူနာတစ်ဦးတို့ ဖြစ်ကြောင်း သိရသည်။
.

Journal Download

Photo of three cats