.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်ရှိ
နာရေးကိစ္စများအား ကူညီ ဆောင်ရွက်ပေးနေသည့် ပရဟိတအသင်းများ၏ နာရေးကူညီမှု လုပ်ငန်းများ
ဆောင်ရွက်ပေးမှုကို COVID-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ခေတ္တ ရပ်နားထားကြောင်း
သိရသည်။
.
“ ကျွန်တော်တို့ အသင်းက နာရေး
ကူညီမှု လုပ်ငန်းမှာ COVID-19 ရောဂါ ကူးစက်မှု ကြိုတင်ကာကွယ်တဲ့ အနေနဲ့ နိဗ္ဗာန်ယာဉ်နဲ့
ယာဉ်မောင်း တစ်ဦးတော့ နာရေးအတွက် ကူညီပေးပါမယ်။ ကျန်တဲ့ အသင်းသူ အသင်းသားတွေ လိုက်ပါ
ကူညီတာကိုတော့ ခဏ ရပ် ထားပါမယ်"ဟု ကျိုင်းတုံမြို့ နှလုံးလှ(အခမဲ့)လူမှုကူညီရေးအသင်း
ဥက္ကဌ ဦးကျော်သူအောင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထို့အတူ တိုင်းနေစာပေနှင့် ယဉ်ကျေးမှု
နိဗ္ဗာန်အကျိုးဆောင်အသင်းနှင့် မိဘသွေး နာရေးကူညီမှုအသင်းတို့၏ နာရေး ကူညီမှု လုပ်ငန်းများကို
ရပ်နားထားခဲ့ကြောင်းလည်း သိရသည်။
.
ကျိုင်းတုံမြို့တွင် ပရဟိတ နာရေးကူညီမှု
လုပ်ငန်းများကို ဆောင်ရွက်နေသည့် နှလုံးလှ(အခမဲ့) လူမှုကူညီရေးအသင်း၊ မိဘသွေးနှင့်
နာရေးကူညီမှုအသင်း ၊ တိုင်းနေစာပေနှင့်ယဉ်ကျေးမှု နိဗ္ဗာန်အကျိုးဆောင်အသင်းတို့ ရှိကြောင်း
သိရသည်။
.
“ မြို့အတွက် တကယ် အားကိုးရပြီး လေးစားရတဲ့
ပရဟိတအသင်းတွေ ဖြစ်ပါတယ်။ ခုလိုမျိုး COVID-19 ရောဂါကြောင့် နားကြတယ်ဆိုတော့လည်း စိတ်မကောင်း ဖြစ်ပေမဲ့ နားလည်ပေးလို့ ရပါတယ်။
ဒီရောဂါဆိုးကြီး အမြန် ပျောက်စေချင်ပါတယ်"ဟု ကျိုင်းတုံ ဒေသခံတစ်ဦးက ပြောသည်။
.
ကျိုင်းတုံမြို့ ပြည်သူ့ဆေးရုံတွင်
COVID-19 ပိုးတွေ့ လူနာ ၃ ဦးကို ဆေးဝါးကုသမှု ပေးနေပြီး ယင်းလူနာများမှာ
မိုင်းဖြတ်မြို့မှ လူနာအမှတ်(၆၄)။ တာချီလိတ်မြို့မှ လူနာအမှတ် (၉၆)နှင့် (၁၁၂)တို့
ဖြစ်ကြောင်း သိရသည်။
.