စုလှိုင်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာမျာတွင် သင်္ကြန်ကာလအတွင်း
စုပေါင်း ဘုန်းကြီးကျောင်းတက် ကန်တော့ခြင်းကို တားမြစ်ထားပြီး မလိုက်နာသူများကို ဥပဒေအရ
အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း ကလောမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မင်းက ပြောဆိုခဲ့သည်။
.
.
ကလောမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ရွာသန့်သည့်အနေဖြင့် ယနေ့ သင်္ကြန်အကြိုနေ့ညနေပိုင်းတွင်
စုပေါင်း ဘုန်းကြီးကျောင်းတက်မည် ဟူသောသတင်းများ ထွက်ပေါ်နေမှုနှင့် ပတ်သက်၍ ဦးခင်မင်းက
ယင်းကဲ့သို့ ပြောဆို ခဲ့ခြင်းဖြစ်သည်။
“အတတ်နိုင်ဆုံးတော့
အလှူအတန်းတွေ မလုပ်ဖို့ တား ထားတယ်။ အဓိက လူစုလူဝေးမဖြစ်အောင်လို့ ဒေသန္တရအမိန့် ထုတ်ထားတာ
၂ ပတ်လောက် ရှိပါပြီ။ ရှမ်းပြည်နယ်သာသနာရေးကလည်း ထုတ်ထားတာရှိပါတယ်။ လိုက်နာမှု မရှိဘူး
ဆိုရင်တော့ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဥပဒေနဲ့ အရေးယူသွားမယ်” ဟု ကလောမြို့နယ်အုပ်ချုပ်ရေးမှူး
ဦးခင်မင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
မြန်မာ့ နှစ်သစ်ကူး ရက်များတွင် စုပေါင်း၍ ဘုန်းကြီးကျောင်းတက် ခြင်းများကို ရပ်ကွက်အုပ်ချုပ်ရေးမှူး မှ တစ်ဆင့် တားမြစ်ခြင်း ပြုလုပ်ရန် ညွန်ကြား
ထားကြောင်း ၎င်းထံက သိရသည်။
.
ထို့အတူ ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့ရှိ ဘုန်းတော်ကြီးကျောင်းများ၊ ဘုရားစေတီများတွင်လည်း
ဧပြီလကုန် အထိ
ဘုရားဖူးများဝင်ရောက်ခြင်းနှင့် ညအိပ်ညနေဧည့်သည်လက်ခံခြင်းကို တားမြစ်ထားကြောင်းသိရသည်။
.
ကလောမြို့နယ်တွင် မြို့ ၃ မြို့ ရှိပြီး ရပ်ကွက် ၂၈
ရပ်ကွက်၊ ကျေးရွာအုပ်စု ၂၆ စု နှင့် ကျေးရွာ ပေါင်း ၂၅၃ ရွာ ရှိကြောင်း သိရသည် ။
.
မြန်မာနိုင်ငံတွင်
ဧပြီလ ၁၂ ရက်၊ နံနက်ပိုင်းအထိ COVID-19 ရောဂါ ကူးစက်ခံရသူ ၃၈ ဦးအထိ ရှိလာပြီးဖြစ်ပြီး
သေဆုံးသူ ၃ ဦး ရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားသည်။
.