စုလှိုင်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊
ကလောမြို့နယ်၊ အမှတ် (၁၁) ရပ်ကွက်ရှိ သစ်တောကြိုးဝိုင်းအတွင်း ကျူးကျော်နေထိုင်သူ များအား
ဧပြီလ ၂၈ ရက်က ကလောမြို့မရဲစခန်းတွင် သစ်တောဥပဒေဖြင့် အမှုဖွင့်တိုင်တန်းထားကြောင်း
သိရသည်။
.
.
ကလောမြို့နယ်
သစ်တောဦးစီးဌာနမှ တောအုပ် ဦးအောင်နိုင်ဦးနှင့် အဖွဲ့သည် အဆိုပါ သစ်တောရပ်ကွက်အတွင်း
ကျူးကျော်နေထိုင်သူများ ရှိနေကြောင်း သတင်းအရ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလအတွင်းက သက်သေများနှင့်
အတူ သွားရောက်ကွင်းဆင်းစစ်ဆေးရာ ကလောမြို့၊ အမှတ် (၅) ရပ်ကွက်နေ ဦးဝင်းအောင် (ခ) ဝေယံသိန်းခန့်
(၃၂ နှစ်)နှင့် အမှတ် (၂) ရပ်ကွက်နေ ဦးသက်ဝင်း (၃၈ နှစ်) တို့သည် သစ်တော ကြိုးဝိုင်းအတွင်း
နေအိမ်များ ဆောက်လုပ်ကာ ကျူးကျော်နေထိုင်နေသည်ကို စစ်ဆေးတွေရှိသဖြင့် အဆောက်အဦ များ
ဖျက်သိမ်းပြီး အမြန်ဆုံး ဖယ်ရှားထွက်ခွာ ပေးရန် အကြိမ်ကြိမ် သတိပေးအကြောင်းကြားစာ ထုတ်ပြန်ခဲ့
သော်လည်း လိုက်နာခြင်းမရှိသည့်အတွက် ယခုကဲ့သို့ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
အလားတူ
၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက ယင်းသစ်တောကြိုးဝိုင်းအတွင်း ကလောမြို့နယ် သစ်တော ဦးစီးဌာနမှ
ထပ်မံကွင်းဆင်းစစ်ဆေးရာ ဦးသိန်းသန်းဝင်း (၃၉ နှစ်) သည် သစ်တောမြေအား ခုတ်ထွင်ရှင်းလင်းပြီး
အဆောက်အဦ ဆောက်လုပ်ထားသည်ကို တွေ့ရှိရသဖြင့် ဖယ်ရှားပေးရန် အကြိမ်ကြိမ် ပြောဆိုခဲ့သော်လည်း
ဖယ်ရှားခြင်း မရှိခဲ့ကြောင်း သိရသည်။
.
“သစ်တောဥပဒေ
ပုဒ်မ ၄၀ (က-၁) နဲ့ ၄၀ (က-၃) နဲ့ အရေးယူထားတယ်။ သစ်တောကနေ သူတို့ကို ၂၀၁၈ ခုနှစ် ကတည်းက
သတိပေး အကြောင်းကြားစာတွေ အကြိမ်ကြိမ်ထုတ်တယ်။ လိုက်နာခြင်းမရှိလို့ တရားစွဲတာပါ။ အခုချိန်
အထိ မဖယ်သေးပါဘူး” ဟု ကလောမြို့မရဲစခန်းမှ ဒုရဲမှူး လှနိုင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ
သစ်တောကြိုးဝိုင်းအတွင်း ကျူးကျော်ဝင်ရောက်၍ သစ်တောမြေအား ခုတ်ထွင်ရှင်းလင်းကာ အဆောက်အဦ
ဆောက်လုပ်နေထိုင်သူ ဦးဝင်းအောင် (ခ) ဝေယံသိန်းခန့်၊ ဦးသက်ဝင်းနှင့် ဦးသိန်းသန်းဝင်းတို့
၃ ဦးအား တောအုပ် ဦးအောင်နိုင်ဦးမှ ကလောမြို့မရဲစခန်းတွင် အမှုဖွင့်တိုင်တန်းခဲ့ခြင်းဖြစ်ပြီး
တိုင်တန်းမှုနှင့် ပတ်သက်၍ ကလောမြို့မ ရဲစခန်းမှ (ပ)၆၁/၂၀၂၀၊ သစ်တောဥပဒေပုဒ်မ ၄၀ (က-၁)၊
၄၀ (က-၃) တို့ဖြင့် အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
.