သောက်သုံးရေ ရှားပါး ပြတ်လပ်မှု မရှိစေရေး ဆောင်ရွက်ပေးဖို့အတွက် ကျပ်သိန်း ၄၅၀ တန်ဖိုးရှိ တဲ့ ရေဂါလံ ၃၀၀၀ ဆံ့ ရေသယ်ယာဉ် အသစ် တစ်စီးကို ကမ္ဘောဇဘဏ်က ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ကို ဧပြီလ ၁ ရက်က ပင်းတယမြို့မှာ ပေးအပ်လှူဒါန်းခဲ့ပါတယ်။
.
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖြစ်တဲ့ ပင်းတယမြို့နယ်နဲ့ ရွာငံမြို့နယ်အတွင်းက နေရာ အသီးသီးမှာ ပြည်သူတွေအတွက် စက်ရေတွင်း၊ ရေကန်တွေ တူးဖော်ပေးတာ၊ ဆေးရုံ ဆောက်လုပ် လှူဒါန်းပေးတာ၊ စာသင်ကျောင်းတွေ လှူဒါန်းတာတွေ အပါအဝင် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေအတွက် ကဏ္ဍအသီးသီးမှာ ငွေကျပ်သိန်းပေါင်း ၂၃၀၀၀ ကျော်ကို လှူဒါန်းပေးထားတဲ့ ကမ္ဘောဇဘဏ်ကို ကျေးဇူးတင်ပါတယ်လို့ လှူဒါန်းမှုနဲ့ ပတ်သက်ပြီး ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ ဥက္ကဌ ဦးအာကာလင်းက ပြောပါတယ်။
.
ကမ္ဘောဇဘဏ်ဟာ တစ်နိုင်ငံလုံးမှာ ရေသယ်ယာဉ်တွေ လှူဒါန်းနေလျက်ရှိပြီး အခု လှူဒါန်းခဲ့တဲ့ ရေသယ်ယာဉ်ဟာ အစီး ၅၀ မြောက် ရေသယ်ယာဉ် ဖြစ်ပြီးတော့ လှူဒါန်းထားတဲ့ ရေသယ်ယာဉ်တွေနဲ့ နိုင်ငံတစ်ဝန်း ရေရှားပါးတဲ့ ဒေသတွေမှာ ဒေသခံတွေနဲ့ ပူးပေါင်းပြီး လည်းကောင်း၊ လူမှုရေး ပရဟိတအဖွဲ့တွေနဲ့ ပူးပေါင်း၍ လည်းကောင်း သောက်သုံးရေတွေ ဖြန့်ဝေ လှူဒါန်းပေးလျက် ရှိရာ ရေအခက်အခဲဖြစ်နေတဲ့ ဒေသခံ ပြည်သူတွေက ဝမ်းမြောက်မှုတွေ ဖြစ်ပေါ်နေတယ်လိုလည်း သိရပါတယ်။
.
ကမ္ဘောဇဘဏ်ဟာ ၂၀၀၄ ခုနှစ်ကနေ စတင်ပြီး နိုင်ငံအနှံ့အပြားမှာ ရေတွင်းတူးဖို့ အလွန်ခက်ခဲပြီး ရေ ရှားပါးတဲ့ ဒေသတွေမှာ အင်္ဂလန်နိုင်ငံထုတ် ခေတ်မီရေတွင်းတူးစက် ၂ စီး အပါအဝင် စက်ရေတွင်း တူးစက်ကြီးတွေနဲ့ စက်ရေတွင်း ၂၆၇ တွင်းကို အောင်မြင်စွာ တူးဖော်ပေးခဲ့ပြီး ရေစုပ်စက်တွေ ရေလှောင်ကန်တွေ တည်ဆောက်ပေးတာ၊ အိမ်တိုင်ရာရောက် ရေပိုက်တွေ သွယ်တန်းပေးတာ စတာတွေကို စနစ်ကျတဲ့ အစီအမံတွေနဲ့ သောက်သုံးရေတွေကို အခမဲ့ ဖြန့်ဝေပေးလျက်ရှိပါတယ်။
.
အဲဒီ အင်္ဂလန်နိုင်ငံထုတ် ရေတွင်းတူးစက် ၂ စီးနဲ့ လက်ရှိအချိန်မှာ ချင်းပြည်နယ်၊ ဟားခါးနဲ့ ရှမ်းပြည်နယ်၊ အောင်ပန်းမြို့တို့မှာ တူးဖော်လျှက် ရှိပြီး ရေရှားပါးတဲ့ မကွေးတိုင်းမှာလည်း ဆက်လက် တူးဖော်လှူဒါန်းသွာဖို့ စီစဉ်ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။
.
အဲဒီအပြင် ကမ္ဘောဇဘဏ်ဟာ COVID-19 ကမ္ဘာ့ကပ်ရောဂါ ကာကွယ်ကုသရေးအတွက် ငွေကျပ် သိန်း ၁၄၀၀၀ ကျော် တန်ဖိုးရှိတဲ့ CE Standard PPE ဝတ်စုံတွေ၊ ဆေးရုံသုံးနဲ့ N95 နှာခေါင်းစီးတွေ၊ Hand Gel ဗူးတွေ အပါအဝင် ဆေးရုံသုံး ပစ္စည်းတွေကို တရုတ်နိုင်ငံကနေ တိုက်ရိုက် မှာယူကာ ကုန်းလမ်းနဲ့ သယ်ယူ လှူဒါန်းလျက် ရှိတဲ့အပြင် ယခုအခါ လေကြောင်းနဲ့ပါ တိုက်ရိုက် အမြန် သယ်ယူနိုင်ဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။
.
ကမ္ဘောဇဘဏ်ဟာ ရှမ်းပြည်နယ် အစိုးရနဲ့ပူးပေါင်းပြီး ရှမ်းပြည်နယ်အတွင်းမှာရှိတဲ့ ပြည်သူတေွအတွက် အရေးပေါ် လိုအပ်လာပါရင် ဆန် ၃ ပြည်၊ ဆီ ၁ ဗူး၊ ကုလားပဲ ၅၀ ကျပ်သား ပါဝင်တဲ့ ရိက္ခာထုပ်ပေါင်း ၁၀၀၀၀၀ ကို လှူဒါန်းသွားဖို့ အသင့်ပြင်ဆင်ထားပြီး ကမ္ဘောဇဘဏ်ဟာ ကဏ္ဍအသီးသီးမှာ လူမျိုးမရွေး၊ ဘာသာမရွေး ၊ နေရာဒေသ မရွေး နိုင်ငံတော်နဲ့ ပြည်သူအတွက် ကျပ်ငွေ ၁၆၂ ဘီလီယံကျော်ကို လှူဒါန်းခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။