ကမ္ဘောဇတိုင်း
.
ကမ္ဘောဇဘဏ်မှ လှူဒါန်းသော
တန်ဖိုးငွေကျပ် သိန်း ၁၄၀၀၀ ကျော် တန်ဖိုးရှိ COVID-19 ရောဂါ ကာကွယ်ကုသရေး အထောက်အကူပြု
ဆေးရုံသုံးပစ္စည်းများအား MAI စင်းလုံးငှား လေယာဉ်ဖြင့် တရုတ်နိုင်ငံ၊ ကွမ်ကျိုးမြို့မှ
ရန်ကုန်မြို့သို့ တိုက်ရိုက်သယ်ယူပြီး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနသို့ ဧပြီလ
၃ ရက်တွင် ပေးအပ်လှူဒါန်းခဲ့သည်ဟု သိရသည်။
.
.
အဆိုပါ အရေးပေါ်လိုအပ်နေသော
ဆေးရုံသုံးပစ္စည်းများကို ကမ္ဘောဇဘဏ်၏ ဒုတိယ အမှုဆောင် အရာရှိချုပ်
ဒေါ်နန်းလိုင်းခမ်းက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊
ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်ထံ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌
ပေးအပ်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကမ္ဘောဇဘဏ်မှ လှူဒါန်းခဲ့သည့်
ဆေးရုံသုံး ပစ္စည်းများမှာ ဥရောပအရည်အသွေးမီ CE Standard PPE ဝတ်စုံ ၂၃၀၀၀၊
ဆေးရုံသုံး နှာခေါင်းစည်း ၇၀၀၀၀၀၊ ၅၀၀ မီလီ ပါဝင်သည့် Hand Gel ဘူး ၁၀၀၀၀၊
အပူချိန်တိုင်းစက် ၃၀၀၊ N95 နှာခေါင်းစီး ၁၇၀၀၀၊ မျက်မှန် ၁၇၀၀၀၊ ဖိနပ်စွပ် ၁၅၀၀၀၊
ဆေးရုံသုံးလက်အိတ် အတို ၁၅၀၀၀၊ ဆေးရုံသုံး လက်အိတ်အရှည် ၁၅၀၀၀၊ မျက်နှာအကာ ၁၅၀၀၀
နှင့် ခွဲစိတ်ခန်းသုံးလက်အိတ် ၁၀၀၀၀ တို့ဖြစ်ကြောင်း သိရသည်။
.
အဆိုပါလှူဒါန်းထားသော
ဆေးရုံသုံးပစ္စည်းများသည် မတ်လ စတုတ္ထအပတ်မှစတင်၍ ကုန်လမ်းဖြင့်
ဆက်တိုက်ရောက်ရှိနေသော်လည်း အမြန်ဆုံးနှင့်အထိရောက်ဆုံး ကာကွယ်ကုသနိုင်ရန်အတွက်
MAI စင်းလုံးငှားလေယာဉ်ဖြင့် အမြန်ဆုံးသယ်ယူလှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ယင်းကဲ့သို့ MAI စင်းလုံးငှား
လေယာဉ်ဖြင့် တရုတ်နိုင်ငံ ကွမ်ကျိုးမြို့မှ တိုက်ရိုက်သယ်ယူရာတွင် အရေးပေါ် လိုအပ်နေသော
CE Standard PPE ဝတ်စုံ၊ KN95 နှာခေါင်းစီး၊ ခွဲစိတ်ခန်းသုံးနှာခေါင်းစီး၊
မျက်မှန်၊ မျက်နှာ အကာ၊ ခွဲစိတ်ခန်းသုံးလက်အိတ်အတို၊ ခွဲစိတ်ခန်းသုံး
လက်အိတ်အရှည်၊ ဖိနပ်များ လေယာဉ်စင်းလုံးပြည့် ပါဝင်လာခဲ့သည်ဟု သိရသည်။
.
အခြားပစ္စည်းများကို မတ်လ ၂၇
ရက်နေ့မှစတင်ပြီး ကုန်းလမ်းဖြင့် အသုတ်ခွဲ၍ ဆက်တိုက်ရောက်ရှိသယ်ယူ ခဲ့ပြီး ဧပြီ ၃
ရက်တွင် ဆေးရုံသုံးနှာခေါင်းစီး ၃၀၀၀၀၀ နှင့် ဝတ်စုံပြည့် CE Standard PPE အစုံ ၃၀၀၀
မူဆယ်မြို့သို့ ထပ်မံရောက်ရှိလာသဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ လှူဒါန်းထားရာ
မတ်လ ၂၇ ရက်မှ ဧပြီလ ၃ ရက်အထိ ဆေးရုံသုံးနှာခေါင်းစီး ၆၀၀၀၀၀ နှင့် ဝတ်စုံပြည့်
PPE အစုံ ၃၀၀၀ ကို ကုန်းလမ်းကြောင်းဖြင့် လှူဒါန်းခဲ့ပြီးဖြစ်သည်။
.
ကမ္ဘောဇဘဏ်၏ လှူဒါန်းမှုနှင့်
ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယညွှန်ကြားရေး မှူးချုပ်
ဒေါက်တာထွန်းမြင့်က " အခုလို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့
လိုအပ်မှုအရှိဆုံးနေရာတွေကို တစ်ကိုယ်ရေသုံး ကာကွယ်ရေးပစ္စည်း၊
ဆေးရုံသုံးပစ္စည်းနဲ့ ကျန်းမာရေး အထောက်အကူပြုပစ္စည်းတွေ ထောက်ပံ့လှူဒါန်းပေးပြီး
အရေးပေါ်လိုအပ်နေတဲ့ အရာတွေကို အချိန်နဲ့တစ်ပြေးညီ ဖြန့်ဝေနိုင်အောင်
ဖြည့်ဆည်းပေးတဲ့ ကမ္ဘောဇဘဏ်ကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိကြောင်း
ပြောကြားလိုပါတယ်" ဟု ပြောသည်။
.
ထို့အတူ
ပြီးခဲ့သည့် မတ်လ ၈ ရက်က
ကမ္ဘောဇဘဏ်နှင့် KBZ MS General Insurance တို့ပူးပေါင်း၍ ပြည်သူ့
ဆေးရုံအသီးသီးရှိ ကျန်းမာရေးဝန်ထမ်းများနှင့် သံသယနှင့်ကူးစက်ခံရသော လူနာများအတွက်
ကနဦးမတည် ငွေ ကျပ်သိန်း ၁၀၀ ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ လှူဒါန်းခဲ့ပြီးဖြစ်ကြောင်း
သိရသည်။
.
အလားတူ ကမ္ဘောဇဘဏ်မှ ရှမ်းပြည်နယ်
အစိုးရနှင့်ပူးပေါင်း၍ ဆန် ၃ ပြည်၊ ဆီ ၁ ဘူး၊ ဆား ၁ ထုပ်၊ ကုလားပဲ ၁ ပိဿာ၊ ကော်ဖီမစ် ၁၀၀ ဂရမ်ပါ တစ်ထုပ် ပါဝင်သော ရိက္ခာထုပ်ပေါင်း ၁၀၀၀၀၀ ကို အရေးပေါ်လိုအပ်လာပါက
လှူဒါန်းသွားရန် ကနဦး အသင့်ပြင်ဆင်ထားရှိထားပြီးဖြစ်ကြောင်း သိရသည်။
.
ကမ္ဘောဇဘဏ်သည် COVID-19 ရောဂါ
ကာကွယ်၊ ကုသ၊ ထိန်းချုပ် ရေးလုပ်ငန်းစဉ်များ ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက်
ကျပ်သိန်း ၁၄၀၀၀ ကျော် လှူဒါန်းထားသည့်အပြင် ဆက်လက်၍လည်း ကမ္ဘောဇဘဏ်သည်
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့်အတူ တစ်နိုင်ငံလုံးအတိုင်းတာဖြင့်
လိုအပ်သည့်အချိန်၊ လိုအပ်သည့် နေရာများတွင် လိုအပ်သည်တို့ကို
ပူးပေါင်းပါဝင်လှူဒါန်းသွားရန် စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။
.