မိုးရွာသွန်းမှု နည်းပါးခြင်းကြောင့် အင်းလေးကန်ရေ ခန်းခြောက်လာနေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Friday, April 24, 2020

မိုးရွာသွန်းမှု နည်းပါးခြင်းကြောင့် အင်းလေးကန်ရေ ခန်းခြောက်လာနေ


စုလှိုင်
.
မိုးရွာသွန်းမှု နည်းပါးခြင်းကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်အတွင်းရှိ အင်းလေးကန်တွင် ဧပြီလ အတွင်း ရေခန်းခြောက်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
.
.
“လွန်ခဲ့တဲ့ တစ်လလောက်က လက်ရိုက်ဆည်တွေ လုပ်တယ်။ ဒါပေမဲ့ ရေမဝင်လာဘူး။ ဒီတစ်နှစ်က မိုးနောက်ကျ တယ်။ အရင်နှစ်က လက်ကျန်းရေလည်း နည်းတယ်။ အရင်နှစ်ကတော့ ဒီလောက်မခန်းဘူး။ ဒီနှစ်က မိုးမရွာလို့ ခန်း တာပါ” ဟု ညောင်ရွှေမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ရှမ်းပြည်နယ်တောင်ပိုင်းဒေသတွင် ၂၀၁၉ ခုနှစ်အတွင်းက တောင်ကြီးမြို့နယ်တစ်ခုသာလျှင် ပုံမှန်မိုးရေချိန် ရရှိခဲ့ပြီး ကျန်မြို့နယ်များတွင် မိုးရွာသွန်းမှု နည်းပါးသောကြောင့် ယခုနှစ် နွေရာသီတွင် အင်းလေးကန်ရေ ပိုမိုခန်းခြောက်လာ ခြင်းဖြစ်ကြောင်း ညောင်ရွှေမြို့နယ် ဆည်မြောင်းဦးစီးဌာနမှ သိရသည်။
.
“ရေခန်းခြောက်တာတော့ မဟုတ်ဘူး။ နည်းတာပေါ့။ ကန်စပ်တွေတော့ ခန်းတယ်။ ကန်ထဲမှာ ရေရှိပါတယ်။ ကျေးရွာ တွေမှာ အိမ်တွေက ကြပ်နေတော့ ဆည်မြောင်းက စက်ယန္တရားတွေနဲ့ ဝင်ပြီး တူးဖော်လို့မရတော့ဘူး။ အဲဒီလိုနေရာ တွေမှာ ရေပါးသွားတာပေါ့။ အဓိက ကတော့ ကန်စပ်တစ်လျှောက်ပါ။ ရေဝင်ကလည်း လုံးဝမရှိတော့ဘူး” ဟု ညောင်ရွှေမြို့နယ် ဆည်မြောင်းဦးစီးဌာနမှ ဦးကျော်ကျော်ဦးက ပြောသည်။
.
လက်ရှိတွင် အင်းလေးကန်အတွင်းရှိ ရေလမ်းကြောင်းများ၏ ရေအနက်မှာ ၂ ပေမှ ၃ ပေအတွင်းရှီပြီး ကျေးရွာများတွင် ရေအနက် ၆ လက်မခန့်သာ ကျန်ရှိကာ ကန်၏ အနက်ဆုံးနေရာတွင် ရေအနက် ၆ ပေမှ ၇ ပေခန့်သာ ကျန်ရှိ ကြောင်း ၎င်းထံက သိရသည်။
.
အင်းလေးကန်သည်  မြစ်ကြီးနားခရိုင်ရှိ အင်းတော်ကြီးမှပြီးနောက် မြန်မာနိုင်ငံ၏ ဒုတိယမြောက် အကြီးဆုံး ကုန်းတွင်းပိတ် ရေကန်တစ်ခုဖြစ်ပြီး တောင်နှင့်မြောက် သွယ်တန်းလျက်ရှိသော တောင်တန်းကြီး ၂ ခုကြား ခွက်ဝင်နေသော ညောင်ရွှေချိုင့်ဝှမ်းကြီး၏ အလယ် အနက်ရှိုင်းဆုံးအပိုင်း၌ တည်ရှိသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About