.
အကျဉ်းသားများ လွှတ်ပေးရန်နှင့်
စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်ရေး တိုက်ပွဲများ ရပ်တန့်ရန် အတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများအားလုံးသို့ မြန်မာနိုင်ငံ လွတ်လပ်သော ရှေ့နေများအသင်း(ILAM)က မေတ္တာရပ်ခံ ပန်ကြားချက်အား ဧပြီလ ၁ ရက်တွင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
.
“ အဓိကတော့ အကျဉ်းသားတွေ လွှတ်ပေးဖို့ဆိုရင်လည်း သမ္မတက လုပ်ပေးနိုင်ပေမဲ့
စစ်ဘေး ဒုက္ခသည်တွေကျတော့ အားလုံး ညီညွတ်မှ ရမှာ၊ ခုလာမယ့် ရက်ပိုင်းအတွင်း ရောဂါက စိုးရိမ်စရာ ဖြစ်လာနိုင်လို့ အားလုံး စုပေါင်းပြီး လုပ်ဆောင်နိုင်ဖို့
မေတ္တာရပ်ခံရခြင်း ဖြစ်ပါတယ်” ဟု
မြန်မာနိုင်ငံ လွတ်လပ်သော ရှေ့နေများအသင်း(ILAM)၏ အထွေထွေ အတွင်းရေးမှူး
ဦးသိန်းသန်းဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
မြန်မာနိုင်ငံလွတ်လပ်သောရှေ့နေများအသင်း(ILAM)၏ ထုတ်ပြန်ချက်တွင် COVID-19 ရောဂါပိုး ကူးစက်ခံရပါက အကြီးအကျယ် ထိခိုက်နစ်နာမည့်သူများမှာ အကျဉ်းထောင်ရှိ အကျဉ်းသားများနှင့် စစ်ဘေးရှောင် ဒုက္ခသည်များသည်များ
ဖြစ်ခြင်းကြောင့် အစိုးရနှင့် တာဝန်ရှိသူများအနေဖြင့် အကျဉ်းထောင်ရှိ အကျဉ်းသားဦးရေကို လျော့ချခြင်း၊ အမှုရင်ဆိုင်ဆဲ အချုပ်သားများကို ကျယ်ကျယ်ပြန့်ပြန့် အာမခံပေးခြင်း၊ အကန့်အသတ်ဖြင့် လွတ်ငြိမ်းချမ်းသာခွင့် ပေးခြင်း၊ အကန့်အသတ်မရှိ လွတ်ငြိမ်းချမ်းသာခွင့် ပေးခြင်း စသည့် နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်နိုင်သည့် အခြေအနေ ရှိကြောင်း
ဖော်ပြပါရှိသည်။
.
ထို့အပြင် တရာခွင်အတွင်း၌ အမှုများ ကြားနားစစ်ဆေးရာတွင် လူအများ ဝင်ထွက် သွားလာကြသည့်အတွက် ရောဂါပိုး ကူးစက်နိုင်သဖြင့် တရားခွင်အတွင်း အမှုစစ်ဆေး ကြားနာခြင်းကိုလည်း ကာလကန့်သတ်ရွှေ့ဆိုင်းသင့်ကြောင်းနှင့် စစ်ဘေးရှောင်ပြည်သူများ ငြိမ်းချမ်းစွာ အိမ်ပြန်နိုင်ရေးအတွက် တိုက်ပွဲများ ချက်ခြင်း ရပ်ဆိုင်းပြီး နှစ်ဘက် လက်နက်ကိုင် အဖွဲ့များ၏ သဘောထားကြီးမှုဖြင့်သာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဟုလည်း
ဖော်ပြထားသည်။
.
ထို့အတူ အရပ်ဘက် ဆေးပညာရှင်များ၊ ဆေးရုံများသာမက တပ်မတော်ဆေးဘက်ပညာရှင်များ၊ တပ်မတော် ဆေးရုံများ၊ ကျွမ်းကျင်ပညာရှင်များ စုပေါင်း ကြိုတင် ကာကွယ်ကြကာ လက်တွဲညီညီ ကယ်တင်ကြမှသာလျှင် ကပ်ဘေးဆိုးကို ကျော်လွှားနိုင်မည် ဖြစ်ခြင်းကြောင့် သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ ကာကွယ်ရေးဦးစီးချုပ်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အားလုံးတို့က တစ်စိတ်တစ်ဝမ်းတည်း ဝိုင်းဝန်း ဆောင်ရွက်ပေးရန် မေတ္တာရပ်ခံ ပန်ကြားအပ်သည်ဟု ဖော်ပြထားကြောင်း သိရသည်။
.
မြန်မာနိုင်ငံ လွတ်လပ်သောရှေ့နေများအသင်း(ILAM)သည် ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်တွင်
စတင် ဖွဲ့စည်းခဲ့ပြီး ယင်းနှစ် နိုဝင်ဘာလ ၂၈ ရက်တွင် တရားဝင်မှတ်ပုံတင်ခဲ့သော
ရှေ့နေများဖြင့် ဖွဲ့စည်းထားသော အဖွဲ့အစည်း ဖြစ်သည်။
.