နေမင်းထွန်း (ဟိုပုံး)
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်အတွင်းရှိ
ဝင်ငွေပုံမှန်မရှိသော အိမ်ထောင်စု ၁၅၀၁ စုအား ဆန်၊ ဆီ၊ ဆား၊ ပဲနှင့် ကြက်သွန်နီများ
ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
.
.
ယင်းကဲ့သို့ ထောက်ပံ့ပစ္စည်းများ ပေးအပ်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့
ဧပြီလ ၁၁ ရက်၊ နံနက်ပိုင်းက ဟိုပုံးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်
ပြုလုပ်ခဲ့သည်ဟု သိရသည်။
“အိမ်ထောင်စု စုစုပေါင်း ၁၅၀၁ စု ရှိပါတယ်။ ဒီနေ့ပဲ ရွာတွေအရောက် သွားပို့နေကြပါတယ်။
ငွေသားမပေးပါဘူး။ ပစ္စည်း ၅ မျိုးပဲ ပေးတာပါ” ဟု ဟိုပုံးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းတင့်က
ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အစည်းအဝေးတွင် ဟိုပုံးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းတင့်က ဝင်ငွေပုံမှန်မရှိသော
အိမ်ထောင်စုများအား ထောက်ပံ့ နိုင်ရေး အစီအမံကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး
ဒေါက်တာခင်မောင်သိန်းက COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို
ရှင်းလင်းပြောကြားခဲ့သည်။
.
ထို့နောက် ဟိုပုံးမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်
ဦးခွန်မောင်ဖြူက COVID-19 ရောဂါကြိုတင်ကာကွယ်ရေးအတွက်
မြို့နယ်အတွင်းဝင်ငွေ ပုံမှန်မရှိသော အိမ်ထောင်စု ၁၅၀၁ စုကို အိမ်ထောင်စု တစ်စုလျှင်
ဆန် ၈ ပြည်၊ ဆီ ၅၀ ကျပ်သား၊ ဆား ၅၀ ကျပ်သား၊ ပဲ ၁ ပိဿာနှင့် ကြက်သွန်နီ ၁ ပိဿာ စုစုပေါင်း ထောက်ပံ့ကူညီမှု ၅ မျိုးစီကို
အခမဲ့ဖြန့်ဖြူးပေးအပ်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ပြောဆိုကာ ဒုတိယမြို့နယ်
အုပ်ချုပ်ရေးမှူး ဦးခွန်ကျော်သိန်းက အလှူရှင်များအား ကျေးဇူးတင်ရှိကြောင်း ပြောဆိုခဲ့သည်။
.
ဟိုပုံးမြို့နယ်အတွင်း ယင်းကဲ့သို့ ထောက်ပံ့လှူဒါန်းနိုင်ရေးအတွက် လုပ်ငန်းရှင်၊
အလှူရှင်များမှ အလှူငွေကျပ် ၄၇ သိန်းကျော် လှူဒါန်းထားပြီးဖြစ်ကြောင်း သိရသည်။
.