.
ရှမ်းပြည်နယ်အတွင်းရှိ
ဆေးရုံများတွင် ဆေးကုသမှု ခံယူနေသော COVID-19 ပိုးတွေ့ လူနာများအား စောင့်ရှောက် ကုသမှု ပေးနေသည့် ကျန်းမာရေး ဝန်ထမ်းများ၏
နေ့စဉ် စားသောက်ရေးနှင့် လိုအပ်သည့် အားဖြည့်စာများ၊ ဆေးဝါးများအတွက် ကုန်ကျစရိတ်ကို
ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
.
လူနာများအား စောင့်ရှောက် ကုသမှုပေးနေသည့်
ကျန်းမာရေးဝန်ထမ်းများအား ထောက်ပံ့ လှူဒါန်းမှုများ ပြုလုပ်လိုသည့် ပြည်သူများ အနေဖြင့်
ဖုန်းနံပါတ် ၀၈၁ ၂၀၁၈၇၀ သို့ ဆက်သွယ် ဆောင်ရွက်နိုင်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့
ပြောရေးဆိုခွင့် ရှိသူ ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး စိုးညွန့်လွင်က ၎င်း၏
လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။
.
ရှမ်းပြည်နယ်အတွင်း ၌ ယနေ့ ဧပြီလ
၁၅ ရက်၊ နံနက်ပိုင်းအထိ COVID-19 အတည်ပြုလူနာ ၃ ဦး
တွေ့ရှိထားပြီး ၎င်းတို့မှာ တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံ၌ ဆေး ကုသမှု
ခံယူနေသည့် လူနာအမှတ်(၂၉)၊ ရှမ်းပြည် နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှ
လားရှိုးဆေးရုံသို့ လွှဲပြောင်း၍ ဆေးကုသမှု ခံယူနေသည့် လူနာအမှတ် (၁၄) နှင့်
ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းဖြတ်ပြည်သူ့ဆေးရုံမှ ကျိုင်းတုံဆေးရုံသို့
လွှဲပြောင်းရန် စီစဉ်ဆောင်ရွက်လျက်ရှိသည့် လူနာအမှတ် (၆၄) တို့ ဖြစ်ကာ လက်ရှိအချိန်ထိ
လူနာ ၃ ဦးလုံး၏ ကျန်းမာရေး အခြေအနေမှာ ကောင်းမွန်နေလျက် ရှိကြောင်း သိရသည်။
.
“ ကျန်းမာရေး ကောင်းပါတယ်။ လူနာ မိသားစုဝင်တွေရဲ့
ဓါတ်ခွဲ နမူနာ အဖြေကို မသိရသေးဘူးဗျ။ ဒါလောက်ပဲ ဖြေလို့ ရမယ်ဗျ။” ဟု တောင်ကြီးမြို့
စဝ်စံထွန်းဆေးရုံ၌ ဆေးကုသမှု ခံယူနေသည့် လူအမှတ် (၂၉)နှင့် ပတ်သက်၍ စဝ်စံထွန်း ဆေးရုံအုပ်ကြီးက
ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ရှမ်းပြည်နယ်အစိုးရအဖွဲ့သည် ရှမ်းပြည်နယ်
ပြည်သူလူထု စားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီနှင့် ပူးပေါင်းပြီး အခြေခံ
လူတန်းစားများ စားသောက်ရေး အခက်အခဲ ဖြစ်ပေါ်လာပါက ရိက္ခာထုတ်များအား အချိန်နှင့်
တစ်ပြေးညီ ဖြန့်ဝေ လှူဒါန်းရန် အသင့် စီစဉ်ထားပြီး ရှမ်းပြည်နယ် အပါအဝင် မြန်မာနိုင်ငံတစ်ဝန်းတွင်
ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများကို ဖြန့်ဝေ လှူဒါန်းနေလျက် ရှိကြောင်းလည်း
သိရသည်။