ဟဲဟိုးတွင် Mask မတပ်ဘဲ လမ်းပြင်ထွက်သူများအား တုတ်ဖြင့်ရိုက်မည်ဟု သတိပေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဟဲဟိုးတွင် Mask မတပ်ဘဲ လမ်းပြင်ထွက်သူများအား တုတ်ဖြင့်ရိုက်မည်ဟု သတိပေး


ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့တွင် ယနေ့ ဧပြီလ ၁၅ ရက် ညနေပိုင်းမှ စတင်၍ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ ပါဝင်သော ပူးပေါင်းအဖွဲ့က နှာခေါင်းစည်း Mask မတပ်ဆင်ဘဲ လမ်းပြင်ထွက်လာသူ များကို တုတ်ဖြင့်ရိုက်မည်ဟု ဟန်ပြသတိပေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
 
.
“ဒီ Mask လေးတပ်ထားရင် ကောက်ရိုးတစ်မျှင် ဆွဲလိုက်တဲ့သဘောမျိုးနဲ့ တပ်ခိုင်းတာပါ။ တုတ်တွေ ကိုင်ထားတာက တကယ်ရိုက်ဖို့ မဟုတ်ပါဘူး။ ပညာပေးတဲ့သဘော၊ ခြိမ်းခြောက်တဲ့သဘောပါပဲ။ အဲဒီလိုလုပ်ပြီးနောက်ပိုင်း Mask တွေ တပ်လာကြပါတယ်” ဟု ဟဲဟိုးမြို့၊ အမှတ် (၁) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးလှစိုးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ဟဲဟိုး ‌ဒေသခံလူထုများအနေဖြင့် ပုံမှန်အတိုင်း အသွားအလာမပျက် သွားလာနေကြပြီး စည်းကမ်းလိုက်နာမှု အားနည်းနေခြင်းကြောင့် ရောဂါကူးစက်ပျံ့နှံ့လာပါက မြို့အတွက် အန္တရာယ်ကြီးမားသည့်အတွက် ယခုကဲ့သို့ သတိပေး ရခြင်းဖြစ်ပြီး ယင်းကဲ့သို့ သတိပေးဆောင်ရွက်မှုကို ဟဲဟိုးမြို့ရှိ ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့နှင့် ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၊ ဟဲဟိုးမြို့ ဆရာဝန်ကြီးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ၊ မြို့မိမြို့ဖများ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြသည်ဟု သိရသည်။
.
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့ ဧပြီလ ၁၅ ရက်၊ နံနက်ပိုင်းတွင် ထုတ်ပြန်ခဲ့သည့် မိုင်းဖြတ်မြို့မှ COVID-19 ပိုးတွေ့လူနာ အမှတ်စဉ် ၆၄ နှင့်အတူ ပြီးခဲ့သည့် ဧပြီလ ၈ ရက်က ရန်ကုန်-ဟဲဟိုး-ကျိုင်းတုံ မြန်မာ့ လေကြောင်းခရီးစဉ်ဖြင့် လိုက်ပါလာသည့် အမျိုးသားတစ်ဦးသည် ဟဲဟိုးမြို့တွင် နေထိုင်ပြီး လက်ရှိတွင် ၎င်းသည် လည်း လည်ချောင်းနာခြင်း၊ နှာစေးခြင်းများ ဖြစ်ပေါ်နေသည့်အတွက် ဟဲဟိုးဆေးရုံတွင် Hospital Quarantine ထားရှိပြီး ၎င်း၏ ဓါတ်ခွဲနမူနာများကို ရန်ကုန်မြို့ရှိ အမျိုးသားဓါတ်ခွဲခန်းသို့ ပေးပို့ထားကြောင်း သိရသည်။
.
ထို့အပြင် အဆိုပါ လူငယ်နှင့် ဆက်စပ်သူ မိသားစုဝင်များ၊ သူငယ်ချင်းများကို Home Quarantine နေထိုင်ရန် ညွှန်ကြားထားပြီး နေအိမ်များကိုလည်း ပိုးသတ်ဆေး ဖြန်းထားပြီးဖြစ်ကြောင်း သိရသည်။
.
COVID-19 အတည်ပြု လူနာအမှတ် ၆၄ နှင့်အတူ ရန်ကုန်- ဟဲဟိုး - ကျိုင်းတုံသို့ လေယာဉ်ဖြင့် လိုက်ပါ စီးနင်းသူများအနက် ဟဲဟိုးလေဆိပ်၌ ဆင်းသည့် ၁၄ ဦးဖြစ်သော တောင်ကြီးမှ ၉ ဦး ၊ အောင်ပန်းမှ ၁ ဦး၊ ညောင်ရွှေမှ ၁ ဦး၊ ဟိုပုံးမှ ၁ ဦးနှင့် မိုင်းပွန်မှ ၁ ဦးတို့ကို သက်ဆိုင်ရာ နေရာများတွင် Quarantine ပြုလုပ်ထားကြောင်း သိရသည်။
.

Journal Download

Photo of three cats