ကိုစိုး (ကမ္ဘောဇတိုင်း)
.
ရန်ကုန်မြို့မှ
ရန်ကုန်-မန္တလေး-ဟဲဟိုး ခရီးစဉ်အတိုင်း လေကြောင်းခရီးဖြင့် ဟဲဟိုးမြို့သို့ ရောက်ရှိလာသူများကို
ဟဲဟိုး မြို့တွင် Quarantine
ထားရှိရန် အကြံပြုထားကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး
ဒေါက်တာမျိုးထွန်းထံက သိရသည်။
.
.
“ရန်ကုန်က
လာတဲ့သူတွေကို Quarantine
ထားသင့်တယ်လို့ ပြောထားပါတယ်။ မန္တလေးကတော့ Case လည်း သိပ်မရှိတော့ ပြဿနာမရှိပါဘူး။ ရန်ကုန်က ၉၀ ကျော် ရှိနေပါပြီ” ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်
ပြည်နယ်လူမှုရေး ဝန်ကြီး ဒေါက်တာမျိုးထွန်းက ပြောသည်။
ယမန်နေ့
ဧပြီလ ၁၉ ရက်က Air KBZ လေကြောင်းလိုင်း ရန်ကုန်-မန္တလေး-ဟဲဟိုးခရီးစဉ်ဖြင့် ဟဲဟိုးလေဆိပ်သို့ ရောက်ရှိလာသူများမှာ
ရန်ကုန်-ဟဲဟိုးခရီးသည် ကျား ၈ ဦး၊ မ ၄ ဦး၊ ပေါင်း ၁၂ ဦး၊ မန္တလေး-ဟဲဟိုးခရီးသည် ကျား
၁ ဦး၊ မ ၄ ဦး၊ ပေါင်း ၅ ဦး၊ တာချီလိတ်-ဟဲဟိုးခရီးသည် ကျား ၁ ဦး၊ မ ၁ ဦး၊ ပေါင်း ၂
ဦး၊ စုစုပေါင်း ဟဲဟိုးလေဆိပ်သို့ ဝင်ရောက်လာသည့်ခရီးသည် ၁၉ ဦးဖြစ်ပြီး ၎င်းတို့အနက်
ရန်ကုန်-ဟဲဟိုး ခရီးသည်များကို Quarantine ထားရှိရန် ပြည်နယ်ဝန်ကြီးမှ
အကြံပြုခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
.
ထို့အတူ
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးလေဆိပ်သို့ ဧပြီလ ၁၉ ရက်က ဝင်ရောက်လာသည့် Air KBZ လေယာဉ်ပေါ်မှ
ခရီးသည်များအား Facility Quarantine ၂၁ ရက်နေထိုင်ရန်
လားရှိုးမြို့၊ သာသနာ ၂၅၀၀ ဘုရားအနီး မိုးကုတ်ဝိပဿနာတရားစခန်းရှိ Facility
Quarantine Center သို့ ပို့ဆောင်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း
သိရသည်။
.
မြန်မာနိုင်ငံတစ်ဝှမ်းတွင်
ယနေ့ ဧပြီလ ၂၀ ရက်အထိ COVID-19
ရောဂါပိုး အတည်ပြုတွေ့ရှိသူလူနာ ၁၁၁ ဦးအထိ ရှိလာနေပြီဖြစ်ပြီး ၎င်းတို့အနက်
၅ ဦး သေဆုံး၍ ၇ ဦးမှာ ပြန်လည်သက်သာလာပြီဖြစ်ကြောင်း သိရသည်။
.