ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဋ္ဌနှင့် အစိုးရအဖွဲ့ဝင်များ၏ ကျန်းမာရေးအခြေအနေကို စောင့်ကြည့်နေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဋ္ဌနှင့် အစိုးရအဖွဲ့ဝင်များ၏ ကျန်းမာရေးအခြေအနေကို စောင့်ကြည့်နေ


ကိုစိုး (ကမ္ဘောဇတိုင်း)
.
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲအချို့သည် ဧပြီလ ၂၀ ရက်၊ ညနေပိုင်းမှ စတင်၍ တောင်ကြီးမြို့ရှိ အစိုးရဧည့်ရိပ်သာတွင် သီးခြား နေထိုင်ကာ COVID-19 နှင့် ပတ်သက်၍ ၎င်းတို့၏ ကျန်းမာရေးအခြေအနေများကို စောင့်ကြည့်နေလျက် ရှိကြောင်း ရှမ်းပြည်နယ် အစိုးရအဖွဲ့ ထံမှ သိရသည်။
.
.
ခရီးကပြန်လာတော့ ၃/၄ ရက်လောက် စောင့်ကြည့်တဲ့ အနေအထားပါပဲ။ အဲဒီထဲမှာ ယာဉ်မောင်းတစ်ယောက်ရယ်၊ ရဲတပ်ဖွဲ့ဝင်တစ်ယောက်ရယ်က အပူချိန်မြင့်မားနေတော့ သူတို့ကို ကျိုင်းတုံမှာ ထားခဲ့ပါတယ်။ သူတို့ဓါတ်ခွဲနမူနာကို လည်း ပို့ထားပါတယ်။ အဲဒါကြောင့် ပြည်နယ်ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေက ကိုယ့်ဘာသာကိုယ် စောင့်ကြည့်တဲ့ သဘော နဲ့ အစိုးရရိပ်သာမှာနေပြီး ရုံးကိစ္စတွေ လုပ်နေတာပါ။ Quarantine အဆင့်တော့ မဟုတ်ပါဘူး။ ကျန်းမာရေးအရ သီးခြား နေတဲ့သဘောပါပဲ။ လွှတ်တော် ဥက္ကဋ္ဌကြီးကလည်း သူ့အိမ်တော်မှာပဲ Self Quarantine သဘောမျိုး နေ နေပါတယ်။ ရဲမှူးချုပ်လည်း သူ့ဘာသာ သပ်သပ်နေပါတယ်” ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ရှမ်းပြည်နယ်ဝန်ကြီးချုပ်၏ ရှမ်းပြည်နယ်အရှေ့ပိုင်း ခရီးစဉ်တွင် အတူလိုက်ပါလာခဲ့သည့် ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဌ၏ ယာဉ်မောင်းနှင့် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး၏ ကိုယ်ရေးအရာရှိတို့မှာ COVID-19 နှင့် ပတ်သက်၍ သံသယ ဖြစ်ဖွယ် တွေ့ရသဖြင့် ကျိုင်းတုံမြို့တွင် Quarantine ပြုလုပ်ထားကာ ၎င်းတို့၏ ဓါတ်ခွဲနမူနာများကိုလည်း ရန်ကုန်မြို့ရှိ NHL ဌာနသို့ ပေးပို့ထားပြီးဖြစ်ကြောင်း သိရသည်။
.
ယင်းအခြေအနေနှင့် ပတ်သက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းအား ဆက်သွယ် မေးမြန်းရာတွင် ဝန်ကြီးချုပ် အပါအဝင် ၃၀ ဦးခန့်အား Test Kits ဖြင့် စစ်ဆေးစဉ် ဝန်ထမ်း ၂ ဦးမှာ ကိုယ်အပူချိန် မြင့်တက်နေခြင်းကြောင့် ခရီးစဉ်တွင် လိုက်ပါ တာဝန် ထမ်းဆောင်စေခြင်း မပြုဘဲ ကျိုင်းတုံတွင် Quarantine ပြုလုပ်ရန် စီစဉ်ခြင်း ဖြစ်သည့် အပြင် ယင်း Test Kits မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ အသိအမှတ် ပြုထားခြင်း မရှိသဖြင့် စစ်ဆေးမှုသည် တရားဝင်သည်ဟု ပြောဆို၍ မရကြောင်း ပြောဆိုထားသည်။
.
အဆိုပါခရီးစဉ်တွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့်အတူ ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်း၊ လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဦးခွန်ရဲထွေး၊ စည်ပင်သာယာရေး ဝန်ကြီး ဦးစိုင်းစွံဆိုင်း၊ ဗမာတိုင်းရင်းသား လူမျိုး ရေးရာ ဝန်ကြီး ဒေါက်တာ အောင်သန်းမောင်၊ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် တင်ကိုကိုနှင့် တာဝန်ရှိသူများ လိုက်ပါခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.

Journal Download

Photo of three cats