.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့မှာ ဒီရက်ပိုင်းအတွင်း နေ့အပူချိန်တွေ
သိသိသာသာ မြင့်တက်လာတာကြောင့် မြို့ပေါ်ရပ်ကွက်အချို့မှာ သောက်သုံးရေ ပေးဝေနေတဲ့
ကျောင်းကြီးစုရပ်ကွက်မှာရှိတဲ့ ဂနိုင်ကန်တွေ ခန်းခြောက် လာနေတဲ့အတွက်ကြောင့်
သောက်သုံးရေ ရှားပါးလာနိုင်တယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။
.
အရင်တုန်းက ဂနိုင်ကန် အမှတ်-၁ ဆိုရင် သင်္ကြန်ပြီးအထိ ရေရှိသေးကြောင်း၊
သင်္ကြန်ဆိုရင်လည်း ကန်ထဲကရေကိုသွယ်ပြီး မဏ္ဍပ်တွေမှာ သုံးလို့ရတဲ့အထိ
ရှိခဲ့ကြောင်း၊ အခုနောက်ပိုင်းကျတော့ နွေရောက်တာနဲ့ ရေက လုံးဝခန်းသွားတာဖြစ်ပြီး
ပြီးခဲ့တဲ့နှစ်က အပေါ်ကန်တွေကိုလည်း စက်အင်အားတွေသုံးပြီး လုပ်ပေမဲ့ လက်တွေ့ကျတော့
သိပ်အကျိုးထူးလာတာ မရှိဘူးလို့ တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်နေ
ဒေသခံတစ်ဦးက ပြောပါတယ်။
.
ဂနိုင်ကန်အမှတ် (၁)ဟာ တောင်ကြီးမြို့ပေါ်မှာရှိတဲ့ မြို့မ၊ ကံသာ၊ စိန်ပန်း၊ ချမ်းမြသာစည်၊
ရွှေတောင်၊ ချမ်းသာ၊ ကျောင်းကြီးစု စတဲ့ ရပ်ကွက်တွေကို သောက်သုံးရေ
ဖြန့်ဝေပေးနေတဲ့ ရေကန်ဖြစ်ပြီး ကန်အမှတ် (၂)နဲ့
(၃) တို့ဟာ ရေစုကန်အဖြစ် ထားရှိထားတဲ့ ကန်တွေ ဖြစ်ပါတယ်။
.
အဲဒီ ဂနိုင်ကန်အမှတ် (၁)ဟာ ဧရိယာအကျယ်အဝန်း ၄ ဧက ခန့်၊
ရေသိုလှောင်နိုင်မှုပမာဏ ဂါလန် ၆ သန်းခန့် ရှိပြီး နေ့စဉ် ရေဂါလန် ၆ သောင်းခန့်
ဖြန့်ဝေပေးတာဖြစ်ပြီး ယခုအခါ အဲဒီကန် ၃ ကန်လုံး ခန်းခြောက်သွားတဲ့ အတွက်
ရေသွယ်တန်းထားတဲ့ အိမ်ခြေတွေ သောက်သုံးရေ အခက်အခဲနဲ့ တွေ့ကြုံနေရတာ ဖြစ်တယ်လို့
ဒေသခံတွေကနေ သိရပါတယ်။
.
အဲဒီလို သောက်သုံးရေ ရှားပါးလာနိုင်တာနဲ့ ပတ်သက်ပြီး တောင်ကြီးမြို့နယ်
စည်ပင်သာယာရေးဌာနမှ လက်ထောက် အင်ဂျင်နီယာ ဦးကြည်လွင်က “တစ်မြို့လုံး ပြတ်တောက်မယ့် အခြေအနေတော့
မရှိကြောင်း တောင်ကြီးမြို့က နဂိုကတည်းက ရေခံမြေခံ ကောင်းတဲ့ မြို့လည်း
ဖြစ်ကြောင်းနဲ့ ရေကို သူ့ရပ်ကွက်နဲ့ သူတော့ ပေးနေမှာဖြစ်ပြီး လက်ရှိမှာ
ဂနိုင်ကန်ကတော့ ခန်းတော့မှာဖြစ်ကြောင်း အဲဒီက ခန်းရင် ရှိတဲ့ကန်ကနေ ပြန်ခွဲပေးတာ
ရှိကြောင်းနဲ့ ပိုက်လိုင်းတွေလည်း ရှိပြီးသားလို့ ပြောဆိုထားပါတယ်။
.
တောင်ကြီးမြို့ပေါ်မှာ စည်ပင်သာယာရေးဌာနက သောက်သုံးရေ ဖြန့်ဝေပေးတဲ့
ရေအရင်းအမြစ် ရေကန် ၇ ခု ရှိပြီး လက်ရှိမှာ ဂနိုင်ရေကန်အပြင် အချို့ ကန်တွေမှာ ရေလျော့နည်း
ခန်းခြောက်စ ပြုလာနေပြီ ဖြစ်ကြောင်းလည်း သိရပါတယ်။
.
#KBZTai #Shan #Broadcasting