မင်းဇော်မင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းတုံမြို့နယ်၊
ပုံပါကျင်မြို့တွင် Facility Quarantine ၁၄ ရက် ထားရှိရန်
ပြင်ဆင်ထားရှိမှုအား တစ်နေ့တာ စစ်ဆေးခံနိုင်ရန်သာ ဟန်ပြ လိမ်လည်ထားသည်ဟုဆိုကာ မိုင်းတုံမြို့နယ်၊
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က ရှမ်းပြည်နယ် ဝန်ကြီးချုပ်နှင့် ရှမ်းပြည်နယ် အုပ်ချုပ်ရေးမှူးထံသို့
တိုင်ကြားထားပြီး ဝန်ကြီးချုပ်မှ အရေး မယူပါက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ထံသို့
ဆက်လက် တိုင်ကြားသွားမည် ဖြစ်ကြောင်း သိရသည်။
.
“ ဒီကိစ္စက ပြည်သူလူထုအပေါ်၊ တစ်မျိုးသားလုံးအပေါ်
လိမ်လည်တာ၊ အမျိုးသားသစ္စာဖောက်တာ ဖြစ်လို့ အရေးယူ ပေးနိုင်ဖို့ ကူညီကြပါ။
တစ်နိုင်ငံလုံးလည်း သိပြီး ဒီလိုမျိုး မဖြစ်အောင် ပြောကြားပေးကြပါလို့
တိုက်တွန်းလိုပါတယ်။” ဟု မိုင်းတုံမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဦးက
ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
မိုင်းတုံမြို့နယ် COVID-19 ကြိုတင် ကာကွယ်ထိန်းချုပ်ရေး ကော်မတီက မြို့နယ်တွင်း
ပြင်ဆင်ထားမှုကို ဧပြီလ ၃ ရက်က ၎င်းအား ခေါ်၍ လိုက်လံ ပြသခဲ့ရာ အဆိုပါ ပြသမှုသည်
ဓာတ်ပုံရိုက် ခံရန်သာ ပြင်ဆင်ထားမှန်း မသိခဲ့ဘဲ မတ်လ ၆ ရက်တွင် နယ်မြေခံ တစ်ဦးထံမှ
အဆိုပါ ပြင်ဆင်ထားမှုသည် လူကြီး လာသည့်အချိန်တွင်သာ ကြည့်ဖို့ ပြင်ဆင်ထားခြင်း
ဖြစ်ပြီး စစ်ဆေး ကြည့်ရှု ပြီးပါက သိမ်းပြီး အိမ်ပြန် နေကြကြောင်း၊ ယခင်က Home Quarantine သာ လုပ်ထားသော်လည်း ညွှန်ကြားချက်များအရ Facility Quarantine ဖြင့်
စနစ်တကျ ကြပ်မတ် ဆောင်ရွက်ရန်
ညွှန်ကြားလာမှုအပေါ် HQ များအား FQ အဖြစ် တစ်ရက်တာ အစစ်ဆေးခံနိုင်ရန် ဆောင်ရွက်ထားသည် ဖြစ်ခြင်းကြောင့်
ဟန်ရေးပြ လိမ်လည်ပြီး ဓာတ်ပုံ ရိုက်၍ ပြန်တင်သည့် သဘောဟု ဦးအောင်ကျော်ဦးက ရှင်းပြသည်။
.
“ ဒုခရိုင်အုပ်ချုပ်ရေးမှူးနဲ့ ဧပြီလ ၇ ရက်မှာ
သွားစစ်တော့ နားကောင်းမူကို ကျော်သွားသေးတယ်၊ အတင်း ပြန်စစ်ဖို့ ပြောမှ သွား စစ်တာ၊
အရင် ပြတဲ့နေရာမှာ ဖုံတောင် တက်နေပြီ၊ ဘာ တစ်ယောက်မှ မရှိဘူး၊ ဒီလို ဘယ်သူက
ခိုင်းလဲလို့ မေးတော့လဲ တစ်ယောက်ကမှ မဖြေဘူး၊ ခုလို အချိန်အခါမှာ ဒီလိုမျိုး လုံးဝ
မဖြစ်သင့်ဘူး။” ဟု
ဦးအောင်ကျော်ဦးက ဆက်လက် ပြောကြားသည်။
.
နားကောင်းမူရှိ အခြေခံပညာအထက်တန်းကျောင်းတွင် FQ ၂၈ ဦး၊ ပုံပါကျင်ရှိ အခြေခံပညာ အထက်တန်းကျောင်းတွင် ၁၂
ဦးနှင့် နမ့်ဟူးခွန်တွင် ၂၅ ဦးတို့ကို တွေ့ရှိခဲ့ရသော်လည်း ထပ်မံ၍ သွားရောက်စစ်ဆေးရာတွင်
တစ်ဦးတစ်ယောက်မျှ မတွေ့ရှိရသဖြင့် ယင်းကဲ့သို့ ပြုလုပ်ခဲ့သူများကို ထိရောက်စွာ
အရေးယူပေးရန် တိုင်ကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ထို့အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ မိုင်းတုံမြို့နယ်အလုပ်အမှုဆောင်အဖွဲ့
အတွင်းရေးမှူး ဦးသိန်းအောင်ကလည်း ယခင် ပြသခဲ့သည့် နေရာများတွင် ကျောင်း စာသင်ခုံများသာ
စီထားပြီး ဖုံ တက်နေသည်ကို တွေ့ခဲ့ရကာ မည်သူက ခိုင်းကြောင်း မေးမြန်းသည်ကို
တွေ့ရှိခဲ့ရသည့် ကျေးရွာအုပ်ချုပ်ရေးမှူးများက ဖြေကြားခြင်း မပြုကြကြောင်း
ပြောကြားခဲ့သည်။
.
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍
မိုင်းတုံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေအောင်ထံသို့ ကမ္ဘောဇတိုင်းမှ ဆက်သွယ်မေးမြန်းရာ
“ ညွှန်ကြားချက်တွေ အရ အိမ်တွေမှာပဲ စောင့်ကြည့်ခံနေသူ HQ တွေကို Facility
Quarantine သဘောတရားတွေကို
ရှင်းပြခဲ့တယ်၊ အဲဒီတုန်းက သူတို့က မတ်လ၂၃ ရက်က ရောက်လာတဲ့ သူတွေဆိုတော့ ၁၄
ရက်ကလည်း ပြည့်ခါ နီးနေပြီ၊ သွားစစ်တဲ့နေ့ကပဲ ပြည့်တော့ သူတို့က Facility Quarantine မနေဘဲ ကိုယ့်အိမ်ကိုယ် ပြန်သွားကြတာမှာ
ဒီလို ဖြစ်သွားတာပါ။” ဟု ပြန်လည် ဖြေကြားခဲ့သည်။
.
မိုင်းတုံမြို့နယ်သည် မြန်မာ-ထိုင်း နယ်စပ်တွင်
တည်ရှိပြီး မြို့နယ်၏ အရှေ့ဘက်တွင် မိုင်းဆတ်မြို့နယ်၊ တောင်ဘက်တွင်
ထိုင်းနိုင်ငံ၊ အနောက်ဘက်တွင် မိုင်းပန်မြို့နယ်၊ မြောက်ဘက်တွင်
မိုင်းပျဉ်းမြို့နယ်တို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေလျက် ရှိပြီး ယင်းကဲ့သို့ တစ်နေ့တာ
စစ်ဆေးခံနိုင်ရန်သာ ဟန်ပြ လိမ်လည်ထားသည်ဟူသော အကြောင်းအရာနှင့် ပတ်သက်၍ ဒေသခံများတွင်
စိုးရိမ်မှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။
.