အထူးဒေသ(၄)တွင် ပြည်တော်ပြန် အလုပ်သမား ၂၇၀ ကျော်ကို Facility Quarantine ထားရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Tuesday, April 7, 2020

အထူးဒေသ(၄)တွင် ပြည်တော်ပြန် အလုပ်သမား ၂၇၀ ကျော်ကို Facility Quarantine ထားရှိ


မင်းဇော်မင်း
.
တရုတ်နိုင်ငံမှ ပြန်လည် စေလွှတ်ခံရသည့် ပြည်တော်ပြန် မြန်မာရွှေ့ပြောင်း အလုပ်သမား ၂၇၀ ကျော်ကို အထူးဒေသ(၄) နယ်မြေအတွင်း၌ Facility Quarantine အဖြစ် ၁၄ ရက် နေထိုင်ရန် လွှဲပြောင်း ထားရှိကြောင်း မိုင်းယန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းစိန်ထံမှ သိရသည်။
.
“ နိုင်ငံတော်ရဲ့လမ်းညွှန်ချက်အတိုင်း နယ်စပ်က ဝင်လာတဲ့သူတွေ ဖြစ်တဲ့အတွက် သူတို့ လာတဲ့ ဆီလူးမှာ ၁၄ ရက် စောင့်ကြည့်ပြီးမှ မိုင်းယန်းကနေ ဖြတ်သန်းခွင့် ပြုမှာပါ။” ဟု ဦးစိုင်းစိန်က ပြောသည်။
.

အဆိုပါ ပြည်တော်ပြန်များကို ဧပြီလ ၇ ရက် နံနက် ၉ နာရီတွင် မိုင်းယန်းမြို့နယ်ရှိ ဌာနဆိုင်ရာ တာဝန်ရှိသူများက မိုင်းလားအထူး(၄) တာဝန်ရှိသူများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ခြင်း ဖြစ်ကာ အမျိုးသား ၁၅၈ ဦး၊ အမျိုးသမီး ၁၁၉ ဦး၊ စုစုပေါင်း ၂၇၇ ဦး ဖြစ်ကြောင်း သိရသည်။
.
၎င်းတို့သည် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ မုန်းဝေ၊ မုန်းကျို စသည့် မြို့များတွင် အလုပ် လုပ်ကိုင်နေကြရသူများ ဖြစ်ကာ COVID-19 ကြောင့် မြန်မာနိုင်ငံ နယ်စပ် မိုင်းလားသို့ ဧပြီလ ၄ ရက်က ပို့ဆောင်ခံခဲ့ရပြီး ယင်းမှ တဆင့် မိုင်းလားမှ မိုင်းယန်း၊ ဆီလူးနယ်မြေသို့ ဧပြီလ ၆ ရက်တွင် ပို့ဆောင်ခံရခြင်း ပြီးနောက် ဧပြီလ ၆ ရက်က မိုင်းယန်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ခန်းမတွင် ပြုလုပ်သည့် အစည်းအဝေး ဆုံးဖြတ်ချက်အရ အဆိုပါ အလုပ်သမားများကို အထူးဒေသ(၄) မိုင်းလားနယ်မြေအတွင်း၌ Facility Quarantine အဖြစ် ၁၄ ရက် ထားရှိပြီးမှ ၎င်းတို့ သွားရောက်မည့် အရပ်ဒေသများသို့ ပို့ဆောင်မည် ဖြစ်ကြောင်း သိရသည်။
.

အထူးဒေသ(၄)သည် ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မြန်မာ-တရုတ် နယ်စပ်တွင် တည်ရှိကာ မိုင်းလား၊ ဆီလူး၊ နမ့်ပန်း ဒေသ ၃ ခု ကို အထူးဒေသ(၄) အဖြစ် ၁၉၈၉ ခုနှစ်၊ ဇွန်လ ၃၀ ရက်တွင် အစိုးရက သတ်မှတ်ထားခြင်း ဖြစ်ပြီး ကီလိုမီတာ ၄၉ဝဝ ကျော် ကျယ်ဝန်း၍ ရှမ်း၊ အခါ၊ လွယ်၊ ကိုးကန့် စသည့် တိုင်းရင်းသား လူမျိုး ၁၃ မျိုးခန့် နေထိုင်လျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats

About