ရှမ်းတောင်တွင် Facilities Quarantine ထားရှိသူ ၁၆၈၁ ဦး ရှိနေပြီး အားလုံး ကျန်းမာရေး ကောင်းမွန်နေ ဟုဆို - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းတောင်တွင် Facilities Quarantine ထားရှိသူ ၁၆၈၁ ဦး ရှိနေပြီး အားလုံး ကျန်းမာရေး ကောင်းမွန်နေ ဟုဆို


ကိုစိုး၊ စုလှိုင်
.
ရှမ်းပြည်နယ်တောင်ပိုင်းဒေသတွင်း COVID-19 ရောဂါနှင့်ပတ်သက်၍ Facilities Quarantine ထားရှိ၍ အသွားအလာ ကန့်သတ်ထားသူ ယနေ့ဧပြီလ ၁၈ ရက်အထိ ၁၆၈၁ ဦး ရှိနေပြီး အားလုံး၏ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန် လျက်ရှိသည်ဟု ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဒေါက်တာ ဟန်ထူးအောင်က ပြောဆို ခဲ့သည်။
.



.
ယနေ့ ဧပြီလ ၁၈ ရက်အထိ ရှမ်းပြည်နယ်တောင်ပိုင်းရှိ Facilities Quarantine စင်တာများတွင် ထားရှိခဲ့သူ စုစုပေါင်း ၄၂၉၃ ဦး ရှိခဲ့ပြီး ၎င်းတို့အနက် ၂၆၁၂ ဦးတို့ကို ရက်ပြည့်၍ ပြန်လည်စေလွှတ်ပြီးဖြစ်ကာ လက်ရှိတွင် ၁၆၈၁ ဦး ကျန်ရှိ နေခြင်းဖြစ်ကြောင်း သိရသည်။
.
“ကျန်းမာရေးအခြေအနေကတော့ အားလုံးကောင်းပါတယ်။ နေ့တိုင်းလည်း စစ်နေပါတယ်။ တကယ်လို့ အဲဒီထဲက နှာစေး၊ ချောင်းဆိုး တစ်ခုခုဖြစ်လာခဲ့ရင်တော့ ကြပ်မတ်သွားမှာပါ။ အရင်ကတော့ ၁၄ ရက် ပြည့်လို့ ပြန်လွှတ်တာပါ။ အခုကတော့ ၂၁ ရက် ထားနေပါတယ်” ဟု ဒေါက်တာဟန်ထူးအောင်က ပြောသည်။
.
ထို့အတူ ရှမ်းပြည်နယ် ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဒေါက်တာ နှင်းအိဖြူကလည်း "အားလုံး ကျန်းမာရေးကတော့ ကောင်းပါတယ်။ အောင်ပန်းက တစ်ယောက်ရယ်၊ ဟဲဟိုးက တစ်ယောက်ရယ်က မထွက်သေး ဘူး။ တခြားမြို့နယ်တွေ၊ Quarantine ဝင်ထားတဲ့သူတွေရယ် Case 29၊ Case 64 တို့နဲ့ ဆက်စပ်ပြီး ဆေးရုံ တက်တဲ့ သံသယလူနာတွေရယ် ၁၅၁ ယောက်ရှိတယ်။ သူတို့ရဲ့ ဓါတ်ခွဲနမူနာတွေကို ရန်ကုန်ကို ပို့ထားတယ်။ ဆက်စပ်မှုရှိလို့သာ Facility Quarantine ထားထားတာ သူတို့က လူကောင်းတွေချည်းပဲ လူနာမဟုတ်ဘူးပေါ့ ” ဟု ပြောဆိုခဲ့သည်။
.
မြန်မာနိုင်ငံတွင် COVID-19 အတည်ပြုလူနာ ၉၄ ဦးနှင့် ပိုးတွေ့ရှိပြီးနောက် သေဆုံးသူ ၅ ဦး ရှိကာ ပြည်သူလူထု အနေဖြင့် ရောဂါကာကွယ်ရေး ဆိုင်ရာ ကျန်းမာရေး ပညာပေး အချက်အလက်များအား တိကျစွာ လိုက်နာ ဆောင်ရွက်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ နှိုးဆော်ထားသည်။
.
ရှမ်းပြည်နယ်သည် မြန်မာနိုင်ငံအတွင်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များအနက် ဧရိယာအကျယ်ဆုံး ပြည်နယ် ဖြစ်ပြီး လက်ရှိ ကိုရိုနာဗိုင်းရပ်စ် စတင်ပြန့်ပွားရာ တရုတ်နိုင်ငံနှင့် ရှည်လျားသည့် နယ်နိမိတ် ထိစပ်မှု ရှိနေသည့် အပြင် ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံတို့နှင့်လည်း နယ်နိမိတ်ချင်း ထိစပ်လျက်ရှိကြောင်း သိရသည်။
.

Journal Download

Photo of three cats