ကိုစိုး (ကမ္ဘောဇတိုင်း)
.
အခြေခံပညာအဆင့်
မူလတန်း၊ အလယ်တန်းနှင့် အထက်တန်း ကျောင်းစစ်နှင့် အစိုးရစစ်စာမေးပွဲ အောင်စာရင်း ထုတ်ပြန်မည့်ရက်ကို
လတ်တလောတွင် မသိရှိသေးကြောင်း ရှမ်းပြည်နယ်ပညာရေး ညွှန်ကြားရေးမှူး ဦးဝင်းမောင် ထံက
သိရသည်။
.
.
“အောင်စာရင်းထွက်မယ့်ရက်
မသိသေးပါဘူး။ အားလုံး ရွှေ့ပြောင်းထားပါတယ်။ သိရင် ထုတ်ပြန်ပေးသွားမှာပါ” ဟု ရှမ်းပြည်နယ်ပညာရေး
ညွှန်ကြားရေးမှူး ဦးဝင်းမောင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
ထို့အတူ
တောင်ကြီးမြို့နေ အထက်တန်းပြ ကျောင်းဆရာမတစ်ဦးကလည်း “အောင်စာရင်းထွက်မယ့်ရက်က မသိသေး
ပါဘူး။ ဧပြီ ၂၆ ရက်မှာ မထုတ်ဖြစ်ဘူး ဆိုတာတော့ သိတယ်။ ထပ်ကြေညာမယ်လို့တော့ ပြောပါတယ်”
ဟု ပြောဆိုခဲ့သည်။
.
အဆိုပါ
အခြေခံပညာအတန်းများ၏ အောင်စာရင်းများကို ယခင်နှစ်များက မဟာသင်္ကြန်ကာလအပြီး ဧပြီလတတိယ
ပတ်အတွင်း ထုတ်ပြန်လေ့ရှိသော်လည်း ယခုနှစ်တွင် ကမ္ဘာတစ်ဝှမ်း ဖြစ်ပွားလျက်ရှိသည့် COVID-19 ကပ်ရောဂါ ကူးစက်မှုမှ
ကာကွယ်နိုင်ရေးအတွက် တတ်နိုင်သမျှ လူစုလူဝေး မပြုလုပ်ရန် လိုအပ်သဖြင့် ယင်းကဲ့သို့
အောင်စာရင်း များကို မထုတ်ပြန်ခြင်း ဖြစ်နိုင်ကြောင်း ဒေသခံများက ပြောဆိုလျက်ရှိသည်။
.
အခြေခံပညာအဆင့်
ကျောင်းစစ် KG၊ Grade 1၊ Grade 2၊ Grade
3၊ Grade 6 Grade 7၊ Grade 8၊ Grade 10 စာမေးပွဲများကို ပြီးခဲ့သည့် မတ်လ ၄
ရက်မှ ၁၀ ရက်အတွင်းက လည်းကောင်း၊ အစိုးရစစ် Grade 5 နှင့် Grade
9 တန်း စာမေးပွဲများကို ဖေဖော်ဝါရီလ ၂၄ ရက်မှ မတ်လ ၃ ရက်အတွင်းကလည်းကောင်း
စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.