လျှပ်စစ် ဓါတ်အားခ ကင်းလွတ်ခွင့် အစီအစဉ်တွင် ရှမ်းရှေ့ မပါဝင်သေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လျှပ်စစ် ဓါတ်အားခ ကင်းလွတ်ခွင့် အစီအစဉ်တွင် ရှမ်းရှေ့ မပါဝင်သေး


ထက်တိုင်းကျော်
.
ပြည်သူများ၊ ဘာသာရေး အဖွဲ့အစည်းများနှင့် ပြည်တွင်း လူမှုရေးအဖွဲ့အစည်းများ (သံရုံးများ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ မပါ) အတွက် အိမ်သုံး အမျိုးအစား လျှပ်စစ်ဓါတ်အား သုံးစွဲမှု ၁၅၀ ယူနစ်ထိကို ငွေကြေး ကောက်ခံမှု ကင်းလွတ်ခွင့် (အခမဲ့)အား ဧပြီလကုန်ထိ ပေးသွားမည့် အစီအစဉ်တွင် ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ ဒေသများ ပါဝင်ခြင်း မရှိသေးကြောင်း သိရသည်။
.
COVID 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ကော်မတီက ဧပြီလ ၆ ရက်တွင် COVID 19 နှင့် စပ်လျဉ်း၍ အရေးကြီးကာလ ဖြစ်သည့် မဟာ သင်္ကြန် ရုံးပိတ်ရက်ရှည် ကာလအတွင်း ပုံမှန် ဝင်ငွေ မရှိသော အခြေခံ လူတန်းစားများအတွက် ရိက္ခာများကို အစိုးရက ထောက်ပံ့ ပေးအပ်သွားမည် ဖြစ်ကြောင်းနှင့် အိမ်သုံး အမျိုးအစား လျှပ်စစ်ဓါတ်အား သုံးစွဲမှု ၁၅၀ ယူနစ်ထိကို ငွေကြေး ကောက်ခံမှု ကင်းလွတ်ခွင့် (အခမဲ့)အား ဧပြီလကုန်ထိ ပေးသွားမည် ဖြစ်ကြောင်းကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
.

" ခု နိုင်ငံတော်သမ္မတရုံးရဲ့ ထုတ်ပြန် ကြေညာချက်က မဟာဓါတ်အားလိုင်း ယူနစ်သုံးစွဲတဲ့ နေရာတွေနဲ့ အကျုံး ဝင်ပါလိမ့်မယ်။ လျှပ်စစ်ပြည်နယ်ရုံးခွဲကလည်း ညွှန်ကြားချက်မရသေးဘူးလို့ သိရပါတယ်"ဟု ကျိုင်းတုံမြို့ရှိ ရှမ်းပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲနိုင်က ကမ္ဘောဇတိုင်းသို့ ပြောသည်
.
ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ ဒေသများသည် နိုင်ငံတော် မဟာဓါတ်အားလိုင်း လျှပ်စစ် ဓါတ်အားပေး စနစ်ဖြင့် လျှပ်စစ် ရယူသုံးစွဲနေခြင်း မဟုတ်ဲ မြန်မာ့လျှပ်စစ် ဓါတ်အားဖြန့်ဖြူးရေးဌာနမှ ဒီဇယ်သုံး လျှပ်စစ် ဖြန့်ဖြူးခြင်း ၊ ကုမ္ပဏီမှ ထုတ်လုပ် ဖြန့်ဖြူးခြင်း ၊ တဆင့်ဝယ်ယူဖြန့်ဖြူခြင်းသာ ဖြစ်ကြောင်း သိရသည်။
.
"ရှမ်း အရှေ့လည်း မြန်မာနိုင်ငံသားတွေဆိုတော့ သက်သာခွင့် ရချင်ပါတယ်။ မဟာဓါတ်အားလိုင်းကနေ ပေးတာ မဟုတ်ပေမဲ့ လျှပ်စစ်ဝန်ကြီးဌာနနဲ့ သဘောတူ စာချုပ်ပြီးမှ လုပ်နေတာ ဆိုတော့ ညှိနှိုင်း ပေးစေချင်ပါတယ်"ဟု ပုဂ္ဂလိက လျှပ်စစ်ဓါတ်အား စနစ်ကို သုံးစွဲနေသည့် ဒေသခံတစ်ဦးက ပြောသည်။
.
ရှမ်းပြည်နယ် အရှေ့ပိုင်း၏ မြို့တော်ဖြစ်သည့် ကျုင်းတုံမြို့တွင် ကျိုင်းတုံစွမ်းအင် ကုမ္ပဏီမှ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးလုပ်ငန်းကို အလှည့်ကျ မီးပေးသည့် စနစ်ဖြင့် ဆောင်ရွက်ပေးနေခြင်း ဖြစ်ကာ အခြားသော မြို့နှင့် ကျေးရွာများမှာလည်း ယင်းနည်းတူပင် ဖြစ်ကာ ကျေးရွာ အများစုမှာ လျှပ်စစ်မီး ရရှိသုံးစွဲနိုင်သေးခြင်း မရှိကြောင်း သိရသည်။
.
ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ ကျိုင်းတုံ၊ မိုင်းဆတ်၊ တာချီလိတ်ခရိုင် ၃ ခုမှ အိမ်ထောင်စု ၂၀၈၉၄၇ အနက် နိုင်ငံတော် ဓါတ်အား မဟုတ်သည့် ပုဂ္ဂလိက လျှပ်စစ်ဓါတ်အားပေး စနစ်ဖြင့် လျှပ်စစ်မီး ရယူ သုံးစွဲနိုင်သည့် အိမ်ထောင်စုမှာ ၃၉၇၁၆ သာ ရှိသေးကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။
.

Journal Download

Photo of three cats