.
ကမ္ဘာတစ်ဝှမ်းတွင် ဖြစ်ပွားလျက်ရှိသော COVID-19 ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းစဉ်များတွင်
အသုံးပြုရန်အတွက် အလှူရှင် အသီသီးမှ ရှမ်းပြည်နယ်အစိုးရသို့ လှူဒါန်းထားသော
ရန်ပုံငွေ စုစုပေါင်း ကျပ်သိန်း ၉၀၀ ကျော် ရရှိထားပြီး ဖြစ်ကြောင်း သိရသည်။
.
“အလှူငွေ ရရှိမှုကိုတော့
နေ့စဉ် အချိန်နဲ့ တပြေးညီ တင်ပေးနေပါတယ်။ ဒီနေ့ (ဧပြီလ ၇ ရက်) မှာ သိန်း ၂၀ ထပ် ရပါတယ်။
ဒီအလှူငွေတွေကို ဘယ်နေရာမှာ သုံးစွဲမယ် ဆိုတာကလည်း Master Plan ဆွဲပြီးသားပါ။ ရောဂါ ကူးစက်မှု အပေါ် မူတည်ပြီး ဆုံးဖြတ်သွားရမှာ ဖြစ်ပါတယ်။
အစောပိုင်းမှာ သုံးလိုက်ရင်လည်း တကယ် လိုအပ်တဲ့အခါ မရှိမှာ စိုးရပါတယ်။ ဒါကြောင့်
အရေးပေါ် အခြေအနေအပေါ် မူတည်ပြီး အခြေခံ လူတန်းစားတွေအတွက် အခက်အခဲ မဖြစ်အောင်
သုံးစွဲသွားရမှာ ဖြစ်ပါတယ်” ဟု ရှမ်းပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ၊
ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ရရှိထားသော အလှူငွေစုစုပေါင်းမှာ ကျပ် ၉၁၈၁၅၀၀၀
ဖြစ်ပြီး အဆိုပါ ရန်ပုံငွေများကို COVID-19 ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းစဉ်များတွင် အသုံးပြုသွားရန် ရည်ရွယ်ထားကာ
အလှူငွေများ အပြင် ဆန်နှင့် ဆေးပစ္စည်းများကိုလည်း ရှမ်းပြည်နယ်အစိုးရသို့ လာရောက်
လှူဒါန်းမှုများ ရှိနေကြောင်း သိရသည်။
.
ထို့အပြင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှု ကမ္ဘောဇအုပ်စု၏ မတည်လှူဒါန်းမှု၊ အလှူရှင်
အသီးသီး၏ ထည့်ဝင် လှူဒါန်းမှုဖြင့် COVID-19 Pandemic ရှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာ
ထောက်ပံ့ရေး ကော်မတီအား ဖွဲ့စည်းထားပြီး ဆန်၊ ဆီ၊ ကုလားပဲ၊
ကော်ဖီထုပ်များနှင့် အခြား လိုအပ်သည့် ပစ္စည်းများ ပါဝင်မည့် ရိက္ခာထုပ်များကို အခြေခံ လူတန်းစားများအတွက်
အခမဲ့ ဖြန့်ဝေ လှူဒါန်းရန် စီစဉ်ထားပြီး ဖြစ်ကြောင်းလည်း သိရသည်။
.
မြန်မာနိုင်ငံရှိ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄
ခု အနက် ဧရိယာ အကျယ်ဆုံး ဖြစ်သော ရှမ်းပြည်နယ်သည် တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊
လာအိုနိုင်ငံတို့နှင့် နယ်နိမိတ်ချင်း ထိစပ်လျက် ရှိနေခြင်းကြောင့် ကြိုတင်
ကာကွယ်ရေး လုပ်ငန်းများကို ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ အရှိန်အဟုန် မြှင့်
ဆောင်ရွက်နေလျက် ရှိကာ ဧပြီလ ၇ ရက်မှ ၂၁ ရက်အတွင်း ယာဉ်လိုင်းများ၊ ဟိုတယ်များ၊
တည်းခိုခန်းများကို ပိတ်သိမ်းထားရန်နှင့် ပြည်သူများ အနေဖြင့် သွား/လာ
လည်ပတ်ခြင်းများကို မပြုလုပ်ရန် မေတ္တာရပ်ခံ ပန်ကြားထားပြီး lockdown ပြုလုပ်ရန် အစီအစဉ် မရှိသေးကြောင်းလည်း သိရသည်။
.