ဟဲဟိုးတွင် ဆိုင်ကယ် ခိုးယူသူများအား ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဟဲဟိုးတွင် ဆိုင်ကယ် ခိုးယူသူများအား ဖမ်းမိ


မင်းဇော်မင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့တွင် ဧပြီလ ၂ ရက်၊ နေ့လယ်ပိုင်းတွင် ဆိုင်ကယ်ခိုးမှု (ပ)၂၆/၂၀၂၀၊ ပုဒ်မ ၃၇၉/၅၄ ဖြင့် ဖမ်းဆီး အမှုဖွင့် ခံထားရသူ၏ ထွက်ဆိုချက်အရ ကွင်းဆက်တရားခံ ၂ ဦးကို ထပ်မံ ဖမ်းဆီးရမိခဲ့ကြောင်း ဟဲဟိုးနယ်မြေရဲစခန်းမှ သိရသည်။
.

ဟဲဟိုးမြို့တွင် ဧပြီလ ၂ ရက်က ဆိုင်ကယ်ခိုးမှု (ပ)၂၆/၂၀၂၀၊ ပုဒ်မ ၃၇၉/၅၄ ဖြင့် ဖမ်းဆီး အမှုဖွင့်ထားခံရသူ သိန်းလှသည် သက်သေခံပစ္စည်းဖြစ်သည့် ဆိုင်ကယ် (လိုင်စင်ရှိ)အား အောင်ပန်းမြို့၊ ညောင်ပင်ထောင်ရပ်ကွက်နေ ကိုဖြိုး (ခေါ်) ဖြိုးဟိန်းထွန်းနှင့် အတူ ဟဲဟိုးမြို့၊ ဘော်နင်းကျေးရွာအုပ်စု၊ ရွာတော်ကျေးရွာရှိ အင်းခေါင်းဆည်၏ ရေထွက်ပေါက်အနီးရှိ ကန်ပေါင်ပေါ်မှ ရပ်တန့်ထားသည့် ဆိုင်ကယ်အား ဇက်သော့ ဖျက်၍ ခိုးယူခဲ့ပြီး အောင်ပန်းမြို့၊ ညောင်ပင်ထောင်ရပ်ကွက်နေ ချစ်မင်းဦးထံသို့ ရောင်းချပေးရန် သွားရောက် ပို့ဆောင်ထားခဲ့ကြောင်း ဝန်ခံ ထွက်ဆိုချက်အရ ဟဲဟိုးနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက ယင်းတို့အား စုံစမ်း ဖော်ထုတ်၍ ဖမ်းဆီးခဲ့ရာ အောင်ပန်းမြို့၊ မိုးကောင်းရပ်ကွက်ရှိ ကားဂိတ် အနီးတွင် ဖမ်းဆီး ရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ခိုးယူလာသည့် ဆိုင်ကယ်ကို ငွေကျပ် ၈ သိန်းဖြင့် ရောင်းချထားကြောင်း စစ်ဆေး ပေါ်ပေါက်သဖြင့် ရောင်းချခဲ့သည့် နေရာမှ သက်သေခံ ဆိုင်ကယ်ကို သက်သေများနှင့်အတူ သိမ်းဆည်းကာ သိန်းလှ၊ ဖြိုးဟိန်းထွန်းနှင့် ချစ်မင်းဦးတို့ ၃ ဦးအား ဟဲဟိုး နယ်မြေရဲစခန်းတွင် ဖမ်းဆီး၍ တရားစွဲတင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Journal Download

Photo of three cats