.
အဆိုပါ အတည်ပြုလူနာ အမှတ်(၁၆)သည် ဧရာ၀တီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်တွင် နေထိုင်သည့်
အသက် ၆၃ နှစ်အရွယ် အမျိုးသမီး ဖြစ်ပြီး မတ်လ ၁၅ ရက်တွင် ဒူဘိုင်းနိုင်ငံမှ
ပြန်လာသည့် သားဖြစ်သူကို ရန်ကုန်လေဆိပ်တွင် သွားရောက် ကြိုဆိုပြီးနောက် သားဖြစ်သူနှင့်အတူ
မြောက်ဥက္ကလာပမြို့နယ်၌ ခေတ္တ တည်းခိုနေစဉ် မတ်လ ၃၀ ရက်တွင် မောပန်းခြင်း၊
ကိုယ်အပူချိန် မြင့်တက်ခြင်းတို့ကြောင့် မြောက်ဥက္ကလာပဆေးရုံသို့ မတ်လ ၃၁ ရက်တွင်
တက်ရောက် ဆေးကုသမှု ခံယူသူဖြစ်ကြောင်းနှင့် ဓါတ်ခွဲ နမူနာအား စစ်ဆေးမှုများ
ပြုလုပ်ခဲ့ရာ COVID-19 ပိုး တွေ့ရှိခဲ့ခြင်း
ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ လူနာ အမျိုးသမီးအား မြောက်ဥက္ကလာပဆေးရုံမှ ဝေဘာဂီဆေးရုံသို့ ပြောင်းရွှေ့ရန်
စီစဉ်လျက် ရှိပြီး လူနာတွင် ဆီးချိုရောဂါ အခံ ရှိသဖြင့် အထူးစောင့်ကြပ် ကုသမှု ပေးလျက်
ရှိကြောင်း သိရသည်။
.
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ ထုတ်ပြန်ချက်တွင် COVID-19
အတည်ပြုလူနာ ၁ ဦး ပါရှိခဲ့သော်လည်း ကျန်လူနာ ၅၅ ဦးတွင် ရောဂါပိုး မရှိကြောင်းနှင့်
ယနေ့တွင် စောင့်ကြည့်လူနာ အသစ် ၃၆ ဦး ရှိကြောင်း ဖော်ပြထားသည်။
.
မြန်မာနိုင်ငံတွင် COVID-19 အတည်ပြုလူနာ ၁၆ ဦး
တွေ့ရှိထားပြီး၊ လူနာအမှတ်(၅)မှာ လတ်တလော ပြင်းထန် အသက်ရှူလမ်းကြောင်းပိုး ဝင်၍ သွေးဆိပ်တက်ခြင်း၊ COVID-19 ကြောင့် ဖြစ်ပွားသော
ပြင်းထန် အဆုတ်ရောင် ရောဂါ၊ နှာခေါင်းကင်ဆာအား ဓါတ်ရောင်ခြည်ဖြင့် ဆေးကုမှု ခံယူနေခြင်းကြောင့်
သေဆုံးခဲ့ရကာ ကမ္ဘာ့နိုင်ငံနှင့် နယ်မြေဒေသပေါင်း ၂၀၅ ခုတွင် အတည်ပြုလူနာပေါင်း ၇၈၃၃၆၀
ဦးထိ တွေ့ရှိထားကာ ယင်းအနက် သေဆုံးသူမှာ ၃၇၂၀၃ ဦး ရှိကြောင်း WHO ၏ ဧပြီလ၁ ရက်
ထုတ်ပြန်ချက်များအရ သိရသည်။
.