နန်းဝင်းရီ
.
ရှမ်းပြည်နယ်၊
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့မှ COVID-19
သံသယလူနာ
ဖြစ်နိုင်သည့် အသက် ၃၉ နှစ်အရွယ် အမျိုးသားမှာ ဧပြီလ
၁၂ ရက်၊ ည ၈ နာရီခွဲခန့်က ဟိုပုံးဆေးရုံတွင် ကွယ်လွန် သွားခဲ့သဖြင့် လူနာ၏
မိသားစုဝင်များ အပါအဝင် ထိတွေ့ခဲ့သူများ၏ ဓါတ်ခွဲနမူနာများအား ရန်ကုန်သို့ ပေးပို့၍
စစ်ဆေးသွားမည် ဖြစ်ကြောင်း ဟိုပုံးမြို့ပြည်သူ့ဆေးရုံ၊ ဆေးရုံအုပ်ကြီးထံမှ သိရသည်။
.
“ သွား/ဆရာဝန်ရဲ့ အမျိုးသားပါ။ (COVID-19) ဖြစ်နိုင်ခြေ ရှိတယ်ဆိုပြီး သံသယလူနာပေါ့။ ကွယ်လွန်သွားတော့
ဓါတ်ခွဲ နမူနာတော့ မယူလိုက်ဘူး။ သူ့ရဲ့ အမျိုးသမီးနဲ့ ကလေးရယ်၊ ထိတွေ့ခဲ့သူတွေရဲ့ ဓါတ်ခွဲနမူနာတွေကို
ရန်ကုန် အမျိုးသားကျန်းမာရေးဌာနကို ပို့ပြီး စစ်မယ်။ လက္ခဏာတွေကတော့ ဖျားတယ်၊ ချောင်းဆိုးတယ်၊
ရင်ကြပ်တယ်။ နဂိုကလည်း ရင်ကြပ် အခံလည်း ရှိတယ်၊ ရက်လည်း တိုတယ်ဆိုတော့ ကျွန်တော်တို့က
Safety ယူတာပါ။” ဟု ဟိုပုံးဆေးရုံမှ ဆေးရုံအုပ်ကြီး
ဒေါက်တာ မောင်မောင်သိန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ကွယ်လွန်သူ၏ ကျန်ရစ်သူ မိသားစုဝင်များ၊
ထိတွေ့သူများ၏ ဓါတ်ခွဲနမူနာများကို ဧပြီလ ၁၆ ရက်တွင် ရယူ၍ ၁၇ ရက်တွင် ရန်ကုန်မြို့ရှိ
အမျိုးသားကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာနသို့ ပေးပို့ စစ်ဆေးရန် စီစဉ်ထားရှိပြီး
ပြည်သူများ အနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကျန်းမာရေးဆိုင်ရာ
ထုတ်ပြန်ချက်များကို တိကျစွာ လိုက်နာဆောင်ရွက်ရန် အထူး လိုအပ်ကြောင်း ဒေါက်တာ မောင်မောင်သိန်းက
ဆက်လက် ပြောကြားသည်။
.
အဆိုပါ လူနာ
ကွယ်လွန်သွားရခြင်းနှင့် ပတ်သက်၍ ဟိုပုံးမြို့အား Lockdown ပြုလုပ်မည်ဟု ကောလာဟလများ ထွက်ပေါ်နေခြင်းအပေါ် ဟိုပုံးမြို့နယ် အုပ်ချုပ်ရေးမှူး
ဦးနန်းတင့်အား ဆက်သွယ် မေးမြန်းရာ “Lockdown က မဟုတ်ပါဘူး။ လူထုအနေနဲ့ မလိုအပ်ဘဲ
အပြင် မထွက်ဖို့၊ အိမ်ထဲမှာ နေကြဖို့ပေါ့ ကျန်းမာရေးဌာနက ထုတ်ပြန်တဲ့
အသိပညာပေးတွေ၊ တိတိကျကျ လိုက်နာဆောင်ရွက်ဖို့ကို ကျန်းမာရေးဌာနနဲ့
ပူးပေါင်းပြီးတော့ မနက်တစ်ကြိမ်၊ ညတစ်ကြိမ် မြို့တွေရော၊ ရွာတွေရော အကုန်လုံး
လိုက်ပြီးတော့မှ အသံချဲ့စက်နဲ့ လိုက်ပြီးတော့ အော်ပေးနေပါတယ်။” ဟု ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ဟိုပုံးမြို့သည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
ဦးစီးအဖွဲ့ ရုံးစိုက်ရာ မြို့ ဖြစ်ပြီး မြို့နယ်အတွင်း၌ ပြည်ပနိုင်ငံများမှ
ပြန်လည် ရောက်ရှိလာသူ အများအပြား ရှိနေသော်လည်း ကျန်းမာရေးဆိုင်ရာ ထုတ်ပြန်ချက်များကို
လိုက်နာမှု အားနည်းနေသေးသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများက အသိပညာပေးလုပ်ငန်းများကို
အရှိန်အဟုန်မြှင့်၍ ဆောင်ရွက်နေလျက် ရှိကြောင်း သိရသည်။