ရှမ်းပြည်နယ်၌ ယာဉ်လိုင်းများ၊ ဟိုတယ်နှင့် တည်းခိုခန်းများ ပိတ်သိမ်းနိုင်ရန် အမျိုးသားအဆင့် ဗဟိုကော်မတီသို့ တင်ပြထား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းပြည်နယ်၌ ယာဉ်လိုင်းများ၊ ဟိုတယ်နှင့် တည်းခိုခန်းများ ပိတ်သိမ်းနိုင်ရန် အမျိုးသားအဆင့် ဗဟိုကော်မတီသို့ တင်ပြထား

စိုင်းရာဇာ
.
ရှမ်းပြည်နယ်အတွင်းရှိ ယာဉ်လိုင်းများ၊ ဟိုတယ်များနှင့် တည်းခိုခန်းများကို COVID-19 ကာကွယ် ထိန်းချုပ်ရေးအတွက် ပိတ်သိမ်းနိုင်ရန် ရှမ်းပြည်နယ်အတွင်း၌ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှု မရှိစေရေးအတွက် စောင့်ကြပ်စစ်ဆေးကုသရေး ကြီးကြပ်မှု ကော်မတီက အမျိုးသားအဆင့် ဗဟိုကော်မတီထံသို့ တင်ပြထားကြောင်း သိရသည်။
.
COVID-19 ရောဂါကို ဒေသ တစ်ခုတွင် လည်းကောင်း၊ ဒေသတစ်ခုထက် ပို၍ လည်းကောင်း ကူစက်ပြန့်ပွားမှု ဖြစ်ပွား မလာစေရေးအတွက် ကာကွယ်ခြင်း လုပ်ငန်းများကို ဧပြီလ ၇ ရက်မှ ၂၁ ရက်အထိ ယာဉ်လိုင်းများ၊ ဟိုတယ်များနှင့် တည်းခိုခန်းများ ပိတ်သိမ်းထားနိုင်ရန် တင်ပြထားခြင်း ဖြစ်ကြောင်း သိရသည်။
.
ဒီ ရောဂါက နည်းနည်း ပိုပြီးတော့ ပျံ့လာတယ်။ ပေါက်ခေါင်းက ၄ ယောက်ဆိုရင် မိသားစုကနေ ပြန်ကူးတဲ့ အနေအထား ဖြစ်လာတယ်။ ပြည်တွင်းမှာလည်း Location Transaion ဖြစ်မှာ စိုးတာပေါ့။ ဟိုတယ်တွေ၊ တည်းခိုခန်းတွေ အကုန် ပိတ်ခိုင်းမယ်။ အမျိုးသားအဆင့် ဗဟိုကော်မတီကို တင်လိုက်တယ်။ ဗဟိုက ခွင့်ပြုလာရင်တော့ တစ်ပြည်နယ်လုံး အကျုံးဝင်အောင် ထပ်ပြီး ထုတ်ပြန်မှာပေါ့။ဟု  ရှမ်းပြည်နယ်အတွင်း၌ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှု မရှိစေရေးအတွက် စောင့်ကြပ်စစ်ဆေးကုသရေး ကြီးကြပ်မှု ကော်မတီ ဥက္ကဌ ဖြစ်သည့်  ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.

အမျိုးသားအဆင့် ဗဟိုကော်မတီက ခွင့်ပြုပါက ရှမ်းပြည်နယ် အတွင်းရှိ ခရီးသည် ပို့ဆောင်ရေး လုပ်ငန်းများကို ရပ်နားသွားကြရန်၊ ဟိုတယ်၊ တည်းခိုခန်းများ ပိတ်ထားရန်၊ ကစားကွင်း၊ ပန်းခြံ၊ ရေတံခွန်နှင့် အများပြည်သူ သွားလာနိုင်သည့် အခြား နေရာများကိုလည်း သွားလာ လည်ပတ်ခြင်းများ မပြုလုပ်ကြရန်၊ ပြည်သူများအနေဖြင့် အခြား ပြည်နယ်/တိုင်းဒေသများသို့ ဆေးကုသရန်နှင့် နာရေးကိစ္စမှ လွဲ၍ အခြားကိစ္စများအတွက် ခရီး သွားလာလိုပါက မိမိနေထိုင်ရာ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး မြို့နယ်အဆင့်လုပ်ငန်းကော်မတီ၏ ထောက်ခံချက် ရယူပြီးမှ သွားလာကြပါရန်၊ စားသောက်ကုန်နှင့် ဆေးဝါး၊ ဆေးပစ္စည်းများ၊ စက်သုံးဆီများ မပြတ်လပ်စေရေးအတွက် ကုန်စည် ပို့ဆောင်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ရန် ထုတ်ပြန် ကြေညာရန် စီစဉ်ထားကြောင်း သိရသည်။
.
ပြည်သူလူထုတွေ၊ သွားရေး၊ လာရေး၊ စားသောက်ရေး အခက်အခဲ ရှိမှာတော့ ကျွန်တော်တို့လည်း နားလည်ပါတယ်။ ဒါပေမယ့် ဒီရောဂါအခြေနေက မထုတ်ပြန်လို့ မရတဲ့ အနေထား ဖြစ်လာတယ်။ မလိုအပ်ပဲ ခရီး မသွားဖို့၊ ဖြစ်နိုင်ရင် အိမ်ထဲမှာပဲ နေဖို့ ထုတ်ပြန်ဖို့ လုပ်နေတယ်ဟု ဝန်ကြီး ဒေါက်တာ မျိုးထွန်းက ရှင်းပြသည်။
.
ရှမ်းပြည်နယ်အတွင်း၌ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှု မရှိစေရေးအတွက် စောင့်ကြပ်စစ်ဆေးကုသရေး ကြီးကြပ်မှု ကော်မတီကို ဇန်နဝါရီလ ၃၁ ရက်က ဖွဲ့စည်းထားပြီး ပြည်သူများအနေဖြင့် Stay at home  မိမိနေအိမ်အတွင်းသာ နေထိုင်ကြရန်၊ မလိုအပ်ဘဲ အပြင်သို့ လုံးဝ မထွက်ပါရန်နှင့် မဖြစ်မနေ ထွက်ရပါကလည်း နှာခေါင်းစည်း(Mask) တပ်ဆင်ပြီးမှသာ အပြင်သို့ ထွက်ခွာကြပါရန် ရှမ်းပြည်နယ် အတွင်း၌ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှု မရှိစေရေးအတွက် ယင်းကော်မတီမှ အထူး မေတ္တာရပ်ခံ ပန်ကြားထားသည်။

Journal Download

Photo of three cats