ရှမ်းပြည်နယ်တွင် COVID-19 ကာကွယ်ရေးအတွက် တပ်မတော်က ပါဝင် ဆောင်ရွက်နေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းပြည်နယ်တွင် COVID-19 ကာကွယ်ရေးအတွက် တပ်မတော်က ပါဝင် ဆောင်ရွက်နေ


ခန့်လင်း
.
ရှမ်းပြည်နယ်ရှိ ဒေသ အသီးသီးတွင် COVID-19 ကာကွယ် ထိန်းချုပ်ရေးအတွက် ရှမ်းပြည်နယ် အစိုးရအဖွဲ့က ဦးဆောင်၍ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေလျက် ရှိရာ ယင်း ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများတွင် တပ်မတော်ကပါ ပါဝင် ဆောင်ရွက်နေလျက် ရှိကြောင်း သိရသည်။
.
ရှမ်းပြည်နယ်တွင် တပ်မတော်၏ တိုင်းစစ်ဌာနချုပ်များအဖြစ် တောင်ကြီးမြို့တွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၊ လားရှိုးမြို့တွင် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်၊ ကျိုင်းတုံမြို့တွင် တြိဂံဒေသတိုင်း စစ်ဌာနချုပ်၊ ခိုလမ်မြို့တွင် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တို့ တည်ရှိပြီး ယင်း တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများက ဦးဆောင်၍ ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများကို တပ်မတော်သားများက ပါဝင် ဆောင်ရွက်နေကြခြင်း ဖြစ်သည်။
.

တပ်မတော်သည် ရှမ်းပြည်နယ် အပါအဝင် မြန်မာနိုင်ငံရှိ စေတီ ပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ၊ ခရစ်ယာန်ဘုရား ရှိခိုးကျောင်းများ၊ ရုံး၊ ဌာနများ၊ ဘဏ်များ၊ ဆေးရုံများ၊ လေဆိပ်နှင့် ဘူတာရုံတို့၌ ပိုးသတ်ဆေး ဖျန်းခြင်း၊ သံဃာတော်များ၊ သီလရှင်များ၊ ဘာသာရေး ခေါင်းဆောင်များနှင့် ဘာသာရေး အဖွဲ့ဝင်များအား COVID-19 ရောဂါနှင့် ပတ်သက်၍ ကျန်းမာရေး စစ်ဆေးခြင်းနှင့် အပူချိန် တိုင်းတာပေးခြင်း ပြည်သူ့ ဆေးရုံ အသီးသီးသို့ ဆေးဝါးများနှင့် ဆေးပစ္စည်းများ၊ အလှူငွေ လှူဒါန်းခြင်းများကို တပ်မတော် အဆင့်မြင့် အရာရှိကြီးများ ဦးဆောင်၍ တပ်မတော် ဆေးတပ်ဖွဲ့ဝင်များက ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။
.
ပြီးခဲ့သည့် မတ်လ ၃၀ ရက်တွင် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီကို နိုင်ငံတော် သမ္မတက ဖွဲ့စည်း တာဝန် ပေးအပ်ခဲ့ပြီးနောက် ယခုကဲ့သို့ ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လာသည်ကို တွေ့ရှိရခြင်း ဖြစ်ပြီး ယင်းကော်မတီတွင် တပ်မတော်သား အစုအဖွဲ့မှ တင်မြှောက်ထားသည့် ဒုသမ္မတ ဦးမြင့်ဆွေက ဥက္ကဌ အဖြစ်နှင့် ကော်မတီဝင် ၁၀ ဦး ပါဝင်ပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အမည်စာရင်း တင်သွင်းရသည့် ပြည်ထဲရေး ဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးများ အပြင် တပ်မတော် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း/ရေ/လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးကိုပါ ပါဝင် တာဝန် ပေးအပ်ခြင်း ခံရသည်ကို တွေ့ရသည်။

Journal Download

Photo of three cats