ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊
တာချီလိတ်မြို့မှ COVID-19
အတည်ပြုလူနာ အမှတ် ၉၆ သည် ဆေးကုသမှု ခံယူရန်အတွက် ယနေ့ ဧပြီလ ၁၉ ရက်၊
နေ့လယ် ၂ နာရီ ၅၀ မိနစ်က အချိန်က ကျိုင်းတုံပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိလာကြောင်း
သိရသည်။
.
.
အဆိုပါ
အတည်ပြုလူနာ အမှတ်(၉၆)သည် တာချီလိတ်မြို့နေ အသက် ၄၃ နှစ်အရွယ် အမျိုးသား ဖြစ်ပြီး ၎င်းသည်
ဧပြီလ ၆ ရက်က ရန်ကုန်မြို့မှ တာချီလိတ်မြို့သို့ လေယာဉ်ဖြင့် ပြန်လာသူ ဖြစ်ကြောင်း
သိရသည်။
“တာချီလိတ်ခရိုင် ဆေးရုံကနေ ကျိုင်းတုံပြည်သူ့ဆေးရုံကြီးကို ရွှေ့ပြောင်းခေါ်လာနေပါတယ်။
သူရောဆိုရင် COVID-19 Positive လူနာ ၂ ယောက်ရှိသွားပြီဖြစ်ပါတယ်။
ပြည်သူတွေအနေနဲ့ COVID-19 ကူးစက်မှုမဖြစ်အောင် သတိထား ဆင်ခြင်
နေထိုင်ကြစေချင်ပါတယ်” ဟု ရှမ်းပြည်နယ်အရှေ့ပိုင်း ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်
ကုသရေးဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ယင်းအတည်ပြုလူနာအား
ကျိုင်းတုံ ပြည်သူ့ဆေးရုံရှိ ကူးစက်ရောဂါ အထူးကြပ်မတ် ကုသဆောင်တွင် ထားရှိ၍
ဆေးကုမှု ပေးမည် ဖြစ်ကာ လတ်တလောတွင် လူနာ၏ ကျန်းမာရေး အခြေအနေမှာ ကောင်းမွန်နေလျက်
ရှိကြောင်း သိရသည်။
.
မြန်မာနိုင်ငံတစ်ဝှမ်းတွင်
ယနေ့ ဧပြီလ ၁၉ ရက်၊ နံနက်ပိုင်းအထိ COVID-19 ရောဂါ အတည်ပြုဖြစ်ပွားသူ ၁၀၇ ဦး ရှိလာပြီဖြစ်ပြီး ယင်းအနက် ၅ ဦး သေဆုံး၍
၅ ဦးမှာ ပြန်လည်ကောင်းမွန်လာပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ
သိရသည်။
.