မြန်မာနိုင်ငံတွင် COVID-19 လူနာ ၄ ဦး ထပ်မံ တွေ့ရှိကြောင်းကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ယနေ့ (ဧပြီလ ၂ ရက်)၊ ည ၈ နာရီတွင် ထုတ်ပြန်ခဲ့ရာ ၁၁ ရက်အတွင်း စုစုပေါင်း အတည်ပြုလူနာ ၂၀ ဦး ရှိပြီ ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ အတည်ပြုလူနာ ၄ ဦးမှာ ယခင်အတည်ပြုလူနာ အမှတ်(၁၅)ဖြစ်သော အသက် ၄၅ နှစ်အရွယ်
အမျိုးသမီး၏ မိသားစုဝင်များ ဖြစ်ပြီး ပဲခူးတိုင်းဒေသကြီး၊
ပေါက်ခေါင်းမြို့ရှိ ၎င်းတို့၏ နေအိမ်တွင် အသွား အလာ ကန့်သတ်၍ စောင့်ကြပ် ကြည့်ရှုပြီး ဓာတ်ခွဲနမူနာ ရယူ၍ စစ်ဆေးခဲ့ရာ COVID-19 ပိုး တွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။
.
၎င်းတို့မှာ လူနာ အမှတ်(၁၅)၏ ခင်ပွန်းဖြစ်သူ အသက် ၄၇ နှစ်၊ သားဖြစ်သူ အသက် ၁၀ နှစ်၊ သမီးဖြစ်သူ အသက် ၈ နှစ်နှင့် တူမဖြစ်သူ အသက် ၁၈
နှစ်တို့ ဖြစ်ကာ နေအိမ်မှ သတ်မှတ်ဆေးရုံသို့ လွှဲပြောင်း၍ သီးခြား ထားရှိ ကုသမှု ပေးသွားမည် ဖြစ်ပါသည်။
.
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ ထုတ်ပြန်ချက်တွင် COVID-19
အတည်ပြုလူနာ ၄ ဦး ပါရှိခဲ့ပြီး ကျန်လူနာ ၅၈ ဦးတွင် ရောဂါပိုး မရှိကြောင်းနှင့်
ယနေ့တွင် စောင့်ကြည့်လူနာ အသစ် ၄၃ ဦး ရှိကြောင်း ဖော်ပြထားသည်။
.
မြန်မာနိုင်ငံတွင် COVID-19 အတည်ပြုလူနာ ၂၀ ဦးနှင့်
ပိုးတွေ့ရှိပြီးနောက် သေဆုံးသူ ၁ ဦး ရှိကာ ပြည်သူ လူထုအနေဖြင့် ရောဂါကာကွယ်ရေး ဆိုင်ရာ ကျန်းမာရေး ပညာပေး
အချက်အလက်များအား တိကျစွာ လိုက်နာ ဆောင်ရွက်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ နှိုးဆော်ထားသည်။
.
ကမ္ဘာ့နိုင်ငံနှင့်
နယ်မြေဒေသပေါင်း ၂၀၅ ခုတွင် အတည်ပြုလူနာပေါင်း ၈၅၇၆၄၁ ဦးထိ တွေ့ရှိထားကာ ယင်းအနက်
သေဆုံးသူမှာ ၄၂၀၀၆ ဦး ရှိကြောင်း WHO ၏ ဧပြီလ ၂ ရက်
ထုတ်ပြန်ချက်များအရ သိရသည်။
.