မင်းဇော်မင်း
.
တပ်မတော်တွင် COVID-19 ရောဂါပိုးရှိ/မရှိ တစ်ရက်လျှင် လူ ၁၄၀၀ ခန့် စစ်ဆေးပေးနိုင်သည့် COBAS
6800 စက် ၂ လုံး ရှိကြောင်း ယနေ့ ဧပြီလ ၂၅ ရက်တွင် မြဝတီသတင်းဌာနက
သတင်းထုတ်ပြန်ခဲ့သည်ဟု သိရသည်။
.
.
အဆိုပါ စက် ၂ လုံးမှာ ရန်ကုန်မြို့ရှိ အမှတ်
(၁) တပ်မတော်ဆေးရုံကြီး (ကုတင် ၁၀၀၀) နှင့် နေပြည်တော်ရှိ အမှတ် (၂) တပ်မတော်ဆေးရုံကြီး
(ကုတင် ၁၀၀၀) တို့တွင် ၂၀၁၉ ခုနှစ်ကတည်းက တပ်ဆင်ထားခြင်းဖြစ်ကြောင်း ထုတ်ပြန် ချက်အရ
သိရသည်။
ယင်း COVAS 6800 စက်များဖြင့် COVID-19 ရောဂါပိုးရှိ/မရှိ
စစ်ဆေးရန်အတွက် လိုအပ်သည့် Reagent
များအား မှာယူခဲ့ရာ ယခုအခါ ရောက်ရှိလာပြီဖြစ်သဖြင့်
COVID-19 ရောဂါပိုး စစ်ဆေးနိုင်ရန်အတွက် သက်ဆိုင်ရာ
ကျွမ်းကျင် ပညာရှင်များနှင့် ဆေးဝန်ထမ်းတပ်ဖွဲ့မှ ပညာရှင်များ ပူးပေါင်း၍ စက်ပိုင်းဆိုင်ရာ
လိုအပ်သည့် တပ်ဆင်မှုနှင့် ကြိုတင် ပြင်ဆင်မှုများကို ဧပြီလ ၂၃ ရက်တွင် အောင်မြင်စွာ
ဆောင်ရွက်ပြီးစီးခဲ့ပြီဖြစ်သဖြင့် အဆိုပါ စက်များဖြင့် COVID-19 ရောဂါပိုး စစ်ဆေးအတည်ပြုမှုများ ပြုလုပ်ပေးရန် အသင့်ရှိပြီဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်
ဖော်ပြထားသည်။
.
ထို့အတူ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအတွက်လည်း
COBAS 6800 စက်တစ်လုံးအား AA Medical Products
Ltd. Pacific-AA Foundation) က လှူဒါန်းထားပြီး ရန်ကုန်မြို့တွင် တပ်ဆင်ရေးလုပ်ငန်းများ
ဆောင်ရွက်လျက်ရှိရာ အဆိုပါလုပ်ငန်းများ မပြီးစီးမီနှင့် ပြီးစီးပြီးနောက် လိုအပ်ပါက
ရန်ကုန်နှင့် နေပြည်တော်တပ်မတော်ဆေးရုံများရှိ COBAS 6800 စက်များဖြင့် COVID-19 ရောဂါပိုး
အတည်ပြုစမ်းသပ်စစ်ဆေးမှုများအား တပ်မတော်မှ ပူးပေါင်းကူညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း
သိရသည်။
.
COBAS 6800 စက်များသည်
ကမ္ဘာ့ထိပ်တန်းရောဂါရှာဖွေရေးစက်များ ထုတ်လုပ်သည့် ဆွစ်ဇာလန်နိုင်ငံအခြေစိုက် Roche
Diagnostics Co,Ltd မှ ထုတ်လုပ်သည့် နောက်ဆုံးပေါ် ရောဂါရှာဖွေရေးစက်
အမျိုးအစားဖြစ်ပြီး အမေရိကန်နှင့် ကမ္ဘာ့နိုင်ငံကြီးများတွင် COVID-19 ရောဂါပိုးရှာဖွေရေးအတွက်
လက်ရှိသုံးစွဲလျက်ရှိပြီး အရည်အသွေးဆိုင်ရာ အသိအမှတ် ပြုမှုရရှိပြီးဖြစ်ကြောင်း သိရသည်။
.
အဆိုပါ COBAS 6800 စက်များသည် Fully
Automatic System ဖြစ်သည့်အတွက် တစ်ရက်လျှင် လူဦးရေ ၁၄၀၀
ဦးခန့် အတွက် စမ်းသပ်စစ်ဆေးပေးနိုင်မည်ဖြစ်ပြီး စက်ကိုင်တွယ်သူများအား
ရောဂါပိုးကူးစက်နိုင်မှုရာခိုင်နှုန်းနည်းပါးကာ အမြန်ဆုံး၊ အများဆုံးနှင့်
အမှန်ကန်ဆုံးစစ်ဆေးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
.