ကမ္ဘောဇတိုင်း
.
မြန်မာနိုင်ငံတစ်ဝှမ်းတွင် ယနေ့ ဧပြီလ
၁၈ ရက်၊ နံနက်ပိုင်းအထိ ကူးစက်မြန် COVID-19 ကပ်ရောဂါ ကူးစက်ခံရသူ ၉၄ ဦး အထိ ရှိလာပြီဖြစ်သည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏
ယနေ့ ဧပြီလ ၁၈ ရက်၊ နံနက် ၈ နာရီအချိန် ထုတ်ပြန်ချက်များအရ သိရသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) အနေဖြင့် ဧပြီလ ၁၇ ရက်က တိုင်းဒေသကြီးနှင့်
ပြည်နယ်အသီးသီးမှ ပေးပို့လာသော COVID-19
ရောဂါစောင့်ကြည့်လူနာ ၁၇၇ ဦးနှင့် အသွား အလာကန့်သတ်ခြင်း/ တားမြစ်ခြင်း
ဆောင်ရွက်ထားရှိသူ ၂၀၁ ဦး၊စုစုပေါင်း ၃၇၈ ဦး၏ ဓာတ်ခွဲ နမူနာများအား စစ်ဆေးခဲ့ရာ ပထမအသုတ်
၉၃ ဦး အနက် ၃ ဦး၏ ဓါတ်ခွဲနမူနာများတွင် COVID-19 ရောဂါပိုး တွေ့ရှိခဲ့ပြီး ဒုတိယအသုတ် ၂၈၅ ဦးအနက် ၆ ဦး၏ ဓါတ်ခွဲနမူနာများတွင်
COVID-19 ရောဂါပိုး တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သို့ဖြစ်၍ မြန်မာနိုင်ငံတွင် ယနေ့ ဧပြီလ
၁၈ ရက် အထိ COVID-19 ရောဂါ အတည်ပြုလူနာ ၉၄ ဦးအထိ ရှိလာပြီဖြစ်ပြီး
ဧပြီလ ၁၇ ရက်တွင် ဓါတ်ခွဲအတည်ပြုခဲ့သည့် အင်းစိန်ပြည်သူ့ဆေးရုံကြီးမှ အသက် ၇၈ နှစ်
အရွယ် ဓာတ်ခွဲ အတည်ပြု လူနာ အမျိုးသားတစ်ဦး သည်
ဆီးချိုရောဂါနှင့်သွေးတိုးရောဂါအခံရှိသူ ဖြစ်ကာ ၎င်းသည် ဧပြီလ ၁၃ ရက်တွင်
လက္ခဏာများ ခံစားခဲ့ရသဖြင့် ဧပြီလ ၁၅ ရက်တွင် တွင် အင်းစိန်ပြည်သူ့ ဆေးရုံကြီး၌
စောင့်ကြည့်လူနာအဖြစ် ကုသမှု ခံယူစေခဲ့ရာမှ ဧပြီလ ၁၇ ရက်တွင် ဝေဘာဂီအထူးကုဆေးရုံကြီးသို့လွှဲ
ပြောင်း၍ အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုပေးခဲ့ရာ ဧပြီလ ၁၈ ရက်၊ နံနက် ၂ နာရီ ၅၅ မိနစ်တွင်
သေဆုံးသွားခဲ့ကြောင်း သိရသည်။
.
သေဆုံးရသည့်အကြောင်းရင်းမှာ
ပြင်းထန်အဆုတ်ရောင်ရောဂါ ကြောင့် ရုတ်တရက် အသက်ရှူလမ်းကြောင်း ပျက်စီးခြင်းနှင့်
သွေးတိုးရောဂါအခံနှင့် အမျိုးအစား (၂) ဆီးချိုရောဂါတို့ကြောင့်ဖြစ်ကြောင်း ကျန်းမာရေးနှင့်
အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်အရ သိရသည်။
.
ထို့အတူ COVID-19 အတည်ပြုလူနာ အမှတ်(၃) ဖြစ်သည့် အသက် ၂၆ နှစ်အရွယ် အမျိုးသား၊
လူနာအမှတ် (၉) ဖြစ်သည့် အသက် ၄၄ နှစ်အရွယ် အမျိုးသား၊ လူနာအမှတ် (၁၂) ဖြစ်သည့်
အသက် ၆၅ နှစ်အရွယ် အမျိုးသားတို့တွင် ရောဂါပိုး မတွေ့တော့ကြောင်းကိုလည်း
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဧပြီလ ၁၇ ရက်၊ ည ၈ နာရီတွင် ထုတ်ပြန်ကြေညာထားသည်။
.
မြန်မာနိုင်ငံတွင် ယနေ့ (ဧပြီလ ၁၈
ရက်)၊ နံနက်၈ နာရီထိ COVID-19 အတည်ပြုလူနာ ၉၄ ဦး ရှိပြီ ဖြစ်ကာ၊
ယင်းအနက် ၅ ဦး သေဆုံး၍ ၅ ဦးမှာ ပြန်လည် သက်သာလာပြီ ဖြစ်ကြောင်း သိရသည်။
.
ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံနှင့်
ဒေသအသီးသီးတွင် COVID-19 ရောဂါပိုး အတည်ပြုဖြစ်ပွားသူ ၂၀၇၈၆၀၅
ဦး၊ သေဆုံးသူ ၁၃၉၅၁၅ ဦး ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) က ထုတ်ပြန်ကြေညာထားသည်။
.