အမျိုးသားဓါတ်ခွဲဌာနမှ ဧပြီလ ၁၆ ရက်အတွင်း စစ်ဆေးခဲ့သည့် ၂၆၉ ဦး၏ ဓါတ်ခွဲနမူနာများ အားလုံးတွင် COVID-19 ရောဂါပိုး မတွေ့ရှိကြောင်း ထုတ်ပြန် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အမျိုးသားဓါတ်ခွဲဌာနမှ ဧပြီလ ၁၆ ရက်အတွင်း စစ်ဆေးခဲ့သည့် ၂၆၉ ဦး၏ ဓါတ်ခွဲနမူနာများ အားလုံးတွင် COVID-19 ရောဂါပိုး မတွေ့ရှိကြောင်း ထုတ်ပြန်


မော်မော်
.
အမျိုးသားကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၁၆ ရက်တွင် ရောဂါစောင့်ကြည့်လူနာ ၁၁၀ ဦးနှင့် အသွားအလာကန့်သတ်ခြင်း/တားမြစ်ခြင်း ဆောင်ရွက်ထားရှိသူ ၁၅၉ ဦး၊ စုစုပေါင်း ၂၆၉ ဦးတို့၏ ဓါတ်ခွဲ နမူနာများကို စစ်ဆေးခဲ့ရာ အားလုံးတွင် COVID-19 ရောဂါပိုး တွေ့ရှိခဲ့ခြင်းမရှိကြောင်း ယနေ့ ဧပြီလ ၁၇ ရက်၊ နံနက် ၂ နာရီက ထုတ်ပြန်ကြေညာခဲ့သည်ဟု သိရသည်။
.
 
.
အဆိုပါ ဌာနအနေဖြင့် ဧပြီလ ၁၇ ရက် နံနက်ပိုင်းအထိ စောင့်ကြည့်လူနာနှင့် အသွားအလာ ကန့်သတ်ထားသူ စုစုပေါင်း ၃၅၀၅ ဦးတို့၏ ဓါတ်ခွဲနမူနာများကို စစ်ဆေးခဲ့ရာ ၈၅ ဦးတွင် COVID-19 ရောဂါ ကူးစက်ခံရကြောင်း အတည်ပြုနိုင်ခဲ့ပြီး ၃၄၂၀ ဦးတွင် ရောဂါပိုး မရှိကြောင်း ယနေ့ ဧပြီလ ၁၇ ရက်၊ နံနက် ၁၀ နာရီအချိန် ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

.
COVID-19 ရောဂါ အတည်ပြုလူနာ ၈၅ အနက် ၄ ဦးမှာ သေဆုံးခဲ့ပြီး ၂ ဦးမှာ ကျန်းမာရေး ပြန်လည်ကောင်းမွန် လာသဖြင့် နေအိမ်နှင့် သက်ဆိုင်ရာဌာနများတွင် အသွားအလာ ကန့်သတ်/တားမြစ်ခြင်းများ ဆောင်ရွက်ထားကာ လက်ရှိ ဆေးကုသမှု ပေးနေသည့် အတည်ပြုလူနာ ၇၉ ဦးတို့ကို ရန်ကုန်မြို့၊ ဝေဘာဂီအထူးကုဆေးရုံ၌ ၆၈ ဦး၊ တီးတိန်ဆေးရုံ၌ ၄ ဦး၊ လားရှိုးဆေးရုံ၊ မော်လမြိုင်ဆေးရုံ၊ တောင်ကြီး စဝ်စံထွန်းဆေးရုံ၊ မကွေးဆေးရုံ၊ ကျိုင်းတုံဆေးရုံ ကလေးဆေးရုံ မန္တလေးမြို့ ကန်တော်နဒီဆေးရုံတို့၌ ၁ ဦးစီဖြင့် ဆေးကုသမှု ပေးနေလျက် ရှိပြီး လူနာများ၏ ကျန်းမာရေး အခြေအနေမှာ ကောင်းမွန်နေကြောင်း သိရသည်။
.
ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံနှင့် ဒေသအသီးသီးတွင် COVID-19 ရောဂါပိုး အတည်ပြုဖြစ်ပွားသူ ၁၉၉၅၉၈၃ ဦး၊ သေဆုံးသူ ၁၃၁၀၃၇ ဦး ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO)၏ ဧပြီလ ၁၇ ရက် ထုတ်ပြန်ချက်အရ သိရသည်။
.

Journal Download

Photo of three cats