မိုင်းဖြတ်မှ စောင့်ကြည့်လူနာတစ်ဦး အပါအဝင် COVID-19 အတည်ပြုလူနာ ၁၁ ဦး ထပ်မံတွေ့ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုင်းဖြတ်မှ စောင့်ကြည့်လူနာတစ်ဦး အပါအဝင် COVID-19 အတည်ပြုလူနာ ၁၁ ဦး ထပ်မံတွေ့ရှိ


ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဖြတ်ပြည်သူ့ဆေးရုံတွင် တက်ရောက်ဆေးကုသမှု ခံယူနေသည့် စောင့်ကြည့် လူနာတစ်ဦး အပါအဝင် စုစုပေါင်း လူနာ ၁၁ ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိကြောင်းနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ရာ ယခင်ည ၈ နာရီ ထုတ်ပြန်ချက်၌ လူနာ ၁ ဦး ရှိခဲ့သဖြင့် စုစုပေါင်း လူနာအသစ် ၁၂ ရှိကြောင်း သိရသည်။


.
လူနာအမှတ် (၆၄) ဖြစ်သည့် ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းဖြတ်မြို့မှ အသက် ၂၃ နှစ်အရွယ် အမျိုးသား၏ ဓါတ်ခွဲ နမူနာအား စစ်ဆေးစဉ် COVID-19 ပိုး တွေ့ရခြင်း ဖြစ်ကာ ၎င်းအား ကျိုင်းတုံဆေးရုံတွင် ထားရှိ၍ ဆေးကုသမှု ပေးမည် ဖြစ်ကြောင်း သိရသည်။
.
ထို့အတူ ပိုးအသစ်တွေ့လူနာများအနက် လူနာအမှတ် (၆၃)၊ (၆၅)၊ (၆၆)၊ (၆၇)၊ (၆၈)၊ (၆၉)၊ (၇၀)၊ (၇၁)၊ (၇၂)နှင့် (၇၃)တို့သည် ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်များတွင် လည်းကောင်း၊ လူနာအမှတ် (၇၄)သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် လည်းကောင်း Quarantine ထားရှိပြီး ဓါတ်ခွဲနမူနာအား စစ်ဆေးစဉ် COVID-19 ပိုး တွေ့ရခြင်း ဖြစ်ကြောင်း သိရသည်။
.
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)သည် ဧပြီလ ၁၄ ရက်တွင် တိုင်းဒေသကြီး/ပြည်နယ် အသီးသီးမှ ပေးပို့လာသော စောင့်ကြည့်လူနာ ၁၁၂ ဦးနှင့် အသွား အလာကန့်သတ်ခြင်း/တားမြစ်ခြင်း ဆောင်ရွက်ထားရှိသူ ၂၈၁ ဦးတို့၏ ဓာတ်ခွဲနမူနာများ စုစုပေါင်း ၃၉၃ ခုအား စစ်ဆေးခဲ့ရာ ယမန်နေ့ည ၈ နာရီ ထုတ်ပြန်ချက်ပါ တစ်ဦးနှင့် အခြား ၁၁ ဦးတို့၏ ဓာတ်ခွဲနမူနာ များတွင် COVID-19 ရောဂါပိုးတွေ့ရှိရပြီး ကျန် ၃၈၁ ဦးတွင် COVID-19 ရောဂါပိုး မတွေ့ရှိကြောင်း ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။
.
မြန်မာနိုင်ငံတွင် ယနေ့ (ဧပြီလ ၁၅ ရက်)၊ နံနက် ၁၀ နာရီခွဲထိ အတည်ပြုလူနာ ၇၄ ဦး ရှိပြီ ဖြစ်ကာ ယင်းအနက် ပိုးတွေ့သေဆုံးသူ ၄ ဦး၊ ပြန်လည် ကောင်းမွန်၍ ဆင်းရုံ ဆင်းခွင့် ရရှိသူ ၂ ဦး ရှိကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
.
ယနေ့ ဧပြီလ ၁၅ ရက်၊ နံနက်ပိုင်းအထိ ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံနှင့် ဒေသအသီးသီးတွင် COVID-19 ရောဂါပိုး အတည်ပြုဖြစ်ပွားသူ ၁၈၄၈၄၃၉ ဦး၊ သေဆုံးသူ ၁၁၇၂၁၇ ဦး ရှိလာပြီးဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) က ထုတ်ပြန်ကြေညာထားသည်။
.

Journal Download

Photo of three cats