COVID-19 အတည်ပြုလူနာ အမှတ် ၃၂ နှင့် ဆက်စပ်သူများအား Quarantine ပြုလုပ်နိုင်ရန် ဆောင်ရွက်လျက်ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Sunday, April 12, 2020

COVID-19 အတည်ပြုလူနာ အမှတ် ၃၂ နှင့် ဆက်စပ်သူများအား Quarantine ပြုလုပ်နိုင်ရန် ဆောင်ရွက်လျက်ရှိ


ကမ္ဘောဇတိုင်း
.
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးပြည်သူ့ဆေးရုံတွင် စောင့်ကြပ်ကြည့်ရှုနေရာမှ COVID-19 ရောဂါပိုး အတည်ပြု တွေ့ရှိခဲ့သည့် လူနာအမှတ် ၃၂ သည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရန်လုံကျိုင်း ဂိတ်မှတဆင့် လားရှိုးမြို့သို့ လာရောက်ခဲ့သည့်အတွက် ၎င်းနှင့် ဆက်စပ်ထိတွေ့မှု ရှိခဲ့သူ များအား အသွားအလာ ကန့်သတ်စောင့်ကြည့်ခြင်း Quarantine ပြုလုပ်ထားပြီး ကျန်ဆက်စပ်သူများကိုလည်း ရှာဖွေ ဖော်ထုတ်လျက်ရှိကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းထံက သိရသည်။
.
 
.
“Case-32 က Positive ဖြစ်လာတော့ လားရှိုးကလူတွေက ကြောက်နေကြတာပေါ့။ ဒီနေ့ပဲ ရန်လုံကျိုင်းဂိတ်မှာ အဲဒီ ၂၅ ရက်က အပူချိန်တိုင်းခဲ့တဲ့ ကျန်းမာရေးနဲ့ လဝကအဖွဲ့တွေကို လိုအပ်တဲ့ Quarantine လုပ်ဖို့ မှာခဲ့တယ်။ နောက် ရန်လုံကျိုင်းကနေ သူစီးတဲ့ကားကိုလည်း စုံစမ်းနေတယ်။ လားရှိုးမှာ သူအိပ်ခဲ့တဲ့ ချမ်းသာဟိုတယ်က ဝန်ခထမ်း ၁၄ ယောက်ကိုလည်း Quarantine လုပ်လိုက်ပြီ။ သူနဲ့အတူ အဲဒီဟိုတယ်မှာ အိပ်တဲ့အဖွဲ့ ၄ ယောက်ထဲက ၂ ယောက်ကတော့ ရပြီ။ အဲဒါလည်း Quarantine လုပ်ပြီ။ ကျန်တဲ့ ၂ ယောက်က မန္တလေးကို ဆင်းသွားတယ်ဆိုတော့ စုံစမ်းပြီး မန္တလေးတိုင်း အစိုးရကို အကြောင်းကြားမယ်” ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ဧပြီလ ၁၂ ရက်တွင် ကမ္ဘောဇတိုင်းသို့ ပြောသည်၊။
.
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်နေ အသက် ၃၈ နှစ်အရွယ် အဆိုပါအမျိုးသားသည် လွန်ခဲ့သည့် ၃ လခန့်က တရုတ်နိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင် ခဲ့ပြီးနောက် မတ်လ ၂၅ ရက်တွင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရန်လုံကျိုင်းဂိတ်မှ လားရှိုးသို့ဝင်ရောက်၍ လားရှိုးရှိ တည်းခိုခန်းတစ်ခုတွင် တစ်ညအိပ်တည်းခိုပြီး မန္တလေးတိုင်း ဒေသကြီးဘက်သို့ ဆက်လက်ထွက်ခွာသွားခြင်း ဖြစ်ကြောင်း သိရသည်။
.
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယင်းအမျိုးသားအပါအဝင် ရွှေပြည်သာမြို့နယ်နေ အသက် ၂၉ နှစ်အရွယ် အမျိုးသမီး၊ အင်းစိန်မြို့နယ်နေ အသက် ၂၀ နှစ်အရွယ် အမျိုးသား၊ အသက် ၂၄ နှစ်အရွယ် အမျိုးသား၊ အသက် ၃၃ နှစ်အရွယ် အမျိုးသား၊ အသက် ၄၄ နှစ်အရွယ် အမျိုးသား၊ အသက် ၇၈ နှစ်အရွယ် အမျိုးသမီးတို့ တွင် COVID-19 ရောဂါပိုး တွေ့ရှိကြောင်း ယနေ့ ဧပြီလ ၁၂ ရက်၊ နံနက် ၂ နာရီအချိန်က ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။
.
အလားတူ ဧပြီလ ၁၁ ရက်၊ ည ၈ နာရီကလည်း တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံ၌ ဆေးကုသမှု ခံယူနေသည့် အမျိုးသားတစ်ဦး အပါအဝင် ၃ ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန က ထုတ်ပြန်ကြေညာထားရာ ယနေ့ ဧပြီလ ၁၂ ရက်အထိ မြန်မာနိုင်ငံတစ်ဝှမ်းတွင် COVID-19 ရောဂါ အတည်ပြု ဖြစ်ပွားသူ ၃၈ ဦး အထိ ရှိလာပြီဖြစ်ပြီး သေဆုံးသူ ၃ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။
.
ကမ္ဘာ့နိုင်ငံများနှင့် နယ်မြေဒေသများတွင် COVID-19 အတည်ပြု လူနာပေါင်း ၁၆၅၄၂၄၇ ဦးထိ တွေ့ရှိထားကာ ယင်းအနက် သေဆုံးသူမှာ ၁၀၂၁၉၃ ဦး ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ထုတ်ပြန်ကြေညာချက်များအရ သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About