ကိုစိုး
(ကမ္ဘောဇတိုင်း)
.
ရှမ်းပြည်နယ်မြို့တော်၊
တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံ၌ သီးခြားထားရှိ၍ ဆေးကုသမှုပေးနေသည့် COVID-19 အတည်ပြုလူနာ
အမှတ် ၂၉ နှင့် ထိတွေ့မှုရှိခဲ့သည်ဟု သံသယရှိသော တောင်ကြီးမြို့နယ်၊ တောင်လေးလုံး စစ်ဆေးရေးဂိတ်မှ
တာဝန်ကျ အဖွဲ့ဝင် ၂၃ ဦးအား အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ အမှတ် (၁) တည်းခိုရေးစခန်းရှိ
Quarantine Center တွင် ထားရှိထားပြီး လူနာနှင့်အတူ ပြန်လာသူ ကလောမြို့နယ်မှ အမျိုးသားတစ်ဦးနှင့်
တောင်ကြီးမြို့မှ လူနာ၏ မိသားစုဝင် ၂ ဦးတို့ကိုလည်း သက်ဆိုင်ရာ ဆေးရုံများတွင်
Hospital Quarantine ထားရှိထားကြောင်း သိရသည်။
.
.
“လူနာကိုတော့ စဝ်စံထွန်းဆေးရုံမှာ
ထားပါတယ်။ သူ့ရဲ့ကျန်းမာရေးအခြေအနေကလည်း ကောင်းမွန်နေပါတယ်။ သူနဲ့ ထိတွေ့ပတ်သက်ခဲ့တဲ့သူကတော့
ခုနက တောင်လေးလုံးက ၂၃ ယောက်ပေါ့။ အဲဒါ အကုန်ပါပဲ။ တခြား ထိတွေ့တဲ့သူ မရှိပါဘူး။ ထူးခြားရင်လည်း
ထူးခြားသလို Facebook မှာ တင်ပေးပါမယ်” ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်
ရှိသူ ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
တောင်ကြီးမြို့၊
ညောင်ရွှေဟော်ကုန်းရပ်ကွက်နေ အသက် ၂၆ နှစ်အရွယ် အဆိုပါ အမျိုးသားသည် အင်္ဂလန်နိုင်ငံမှ
မတ်လ ၂၇ ရက်တွင် ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ပြီး မတ်လ ၂၈ ရက်တွင် ရန်ကုန်မြို့၊ ပုလဲမြို့သစ်ရှိ
သဲအင်းဂူတရားစခန်း တွင် Quarantine ၁၄ ရက် ဝင်ရောက်၍ ဓါတ်ခွဲနမူနာ ရယူစစ်ဆေးစဉ်
COVID-19 ပိုး တွေ့ရှိရခြင်း ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ
သိရသည်။
.
တောင်ကြီးမြို့နယ်စီမံခန့်ခွဲရေးကော်မတီ၊
မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့တို့မှ အတည်ပြုလူနာ ၂၉ ၏ မိသားစုနေအိမ်ရှိရာ
ညောင်ရွှေဟော်ကုန်းရပ်ကွက်၊ ဥဩလမ်းအပါအဝင် ဆက်စပ်လျက်ရှိသော မဟာဗန္ဓုလလမ်း၊ ခြင်္သေ့လမ်း၊
ရှမ်းလမ်း၊ မေတ္တာလမ်းတို့အား ဧပြီလ ၁၁ ရက်၊ ည ၁၁ နာရီခွဲအချိန်မှ စတင်၍ အသွားအလာ ထိန်းချုပ်ကန့်သတ်ထားပြီးဖြစ်ကြောင်း
သိရသည်။
.
ကမ္ဘာ့နိုင်ငံများနှင့် နယ်မြေဒေသများတွင် COVID-19 အတည်ပြု လူနာပေါင်း
၁၆၁၄၉၅၁ ဦးထိ တွေ့ရှိထားကာ ယင်းအနက် သေဆုံးသူမှာ ၉၉၈၈၇ ဦး
ရှိပြီး မြန်မာနိုင်ငံတွင် ယနေ့ ဧပြီလ ၁၂ ရက်၊ နံနက် ၂ နာရီအထိ ရောဂါ အတည်ပြုဖြစ်ပွားသူ
၃၈ ဦး၊ သေဆုံးသူ ၃ ဦး ရှိလာပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
.