ခွန်သန်းအောင်၊ စိုင်းသိင်္ခသူ
.
ရှမ်းပြည်နယ် အရှေ့ပိုင်း၊
မိုင်းဖြတ်မြို့မှ COVID-19 အတည်ပြုလူနာ အမှတ်(၆၄)နှင့် လေယာဉ် အတူ စီးနင်းခဲ့သည့် ကလောမြို့နယ်၊
အောင်ပန်းမြို့မှ အသက် ၆၆ နှစ်အရွယ် အမျိုးသား တစ်ဦးကို ကလောမြို့ရှိ မိုတယ်
တစ်ခု၌ Hotel
Quarantine ပြုလုပ်၍ ယင်း၏ ဓါတ်ခွဲ နမူနာကို ရန်ကုန်မြို့သို့ ပေးပို့
စစ်ဆေးရန် စီစဉ်နေကြောင်း သိရသည်။
.
အဆိုပါ အသက် ၆၆ နှစ်အရွယ်
အမျိုးသားသည် လူနာအမှတ် (၆၄)နှင့် ဧပြီလ ၈ ရက်တွင် လေယာဉ်အတူ စီးနင်းခဲ့ခြင်း
ဖြစ်ပြီး Home
Quarantine ပြုလုပ်ထားရှိရာမှ ယနေ့ (ဧပြီလ ၁၅ ရက်)တွင် ကျန်းမာရေး
ဝန်ထမ်းများက နေအိမ်သို့ သွားရောက် ခေါ်ဆောင်၍ Hotel Quarantine အဖြစ် ထားရှိကာ အသွားအလာ ကန့်သတ်ထားခြင်း ဖြစ်ကြောင်းနှင့် ၎င်း၏
မိသားစုဝင် ၇ ဦးတို့ကိုလည်း Home Quarantine ပြုလုပ်ထားကြောင်း သိရသည်။
.
ထို့အပြင် ဟဲဟိုးမြို့မှ
အမျိုးသား တစ်ဦးမှာလည်း လူနာအမှတ် (၆၄)နှင့်အတူ လေယာဉ် စီးနင်းခဲ့ပြီးနောက် ဧပြီလ
၁၄ ရက်၊ နံနက် ၁၀ နာရီကျော်ခန့်မှ စတင်၍ နှာစေးခြင်း၊ ချောင်းဆိုးခြင်း ဖြစ်ပေါ်၍
ဟဲဟိုးဆေးရုံသို့ ပြသခဲ့ပြီး Hospital Quarantine ပြုလုပ်ကာ ၎င်း၏ ဓါတ်ခွဲ နမူနာများကို ရန်ကုန်မြို့သို့ ပေးပို့ စစ်ဆေးထားကြောင်း
သိရသည်။
.
ထို့အတူ ရှမ်းပြည်နယ် အရှေ့ပိုင်း၊
မိုင်းဖြတ်မြို့မှ လူနာအမှတ် (၆၄)၏ မိသားစုဝင် ၃ ဦး၊ လူနာနှင့်အတူ ကျိုင်းတုံမှ
မိုင်းဖြတ်သို့ ကားအတူ စီးနင်းခဲ့ကြသူ ၃ ဦးတို့၏ ဓါတ်ခွဲ နမူနာများအား စစ်ဆေးရာတွင်
COVID-19
ပိုး တွေ့ရှိခြင်း မရှိသော်လည်း လူနာနှင့် ထိတွေ့မှု ရှိသူ၊
ဆက်စပ်မှု ရှိသူများ အားလုံးကို သက်ဆိုင်ရာ နေရာများတွင် Quarantine ပြုလုပ်၍ အသွားအလာ ကန့်သတ်ထားကြောင်း သိရသည်။
.
“ ရှမ်းအရှေ့ တစ်ခုလုံးမှာ သူ တစ်ယောက်တည်းပဲ
တွေ့ပါတယ်။ သူနဲ့အတူ လေယာဉ် တစ်စီးတည်း စီးလာသူတွေကို Home ကနေ တစ်စုတစ်စည်းတည်း ထားဖို့ facility ကို အုပ်ချုပ်ရေးပိုင်းနဲ့ ပူးပေါင်း လုပ်ဆောင်နေပါတယ်” ဟု ရှမ်းပြည်နယ် အရှေ့ပိုင်း
ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး
ဒေါက်တာ မြင့်ကျော်က ပြောသည်။
.
COVID-19 အတည်ပြုလူနာ အမှတ်(၆၄)သည် လူနာအမှတ် (၂၄) ဖြစ်သည့် စင်္ကာပူနိုင်ငံမှ
မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာသော အသက် ၃၂ အရွယ် အမျိုးသားနှင့် ထိတွေ့မှု
ရှိခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။