မြန်မာနိုင်ငံတွင် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် သက်ဆိုင်ရာ အစိုးရနှင့် အဖွဲ့အစည်းအသီးသီးသို့ ကမ္ဘောဇဘဏ်မှ ငွေကျပ်သိန်းပေါင်း ၁၉၆၂၄ သိန်း (ကျပ်သိန်းပေါင်း တစ်သောင်း ကိုးထောင် ခြောက်ရာ နှစ်ဆယ့် လေးသိန်း ) ကို ကမ္ဘောဇဘဏ်က လှူဒါန်းထားကြောင်း သိရသည်။
.
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ ပြည်ပနိုင်ငံများမှ ပြန်လည် ဝင်ရောက်လာသော နိုင်ငံသားများအား ကျန်းမာရေး စစ်ဆေးခြင်း၊ စောင့်ကြည့်ခြင်းနှင့် ကာကွယ် ကုသပေးခြင်း ဆောင်ရွက်နေသော တိုက်နယ်ဆေးရုံများ၊ ကျေးလက် ဆေးပေးခန်းများရှိ ကျန်းမာရေး ဝန်ထမ်းများနှင့် စောင့်ကြည့် လူနာများအား ဘေးအန္တရယ် ကင်းရှင်းစေရန်နှင့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ပိုမို လျင်မြန် ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ရည်ရွယ်၍ ကမ္ဘောဇဘဏ်မှ လှူဒါန်းခြင်း ဖြစ်ကြောင်း သိရသည်။
.
“ COVID-19 ရောဂါ ကာကွယ် ကုသပေးဖို့ ရှေ့တန်းကနေ တိုက်ပွဲ ဝင်နေတဲ့ ဆေးဘက် ပညာရှင်တွေနဲ့ ကူးစက် ခံရသူတွေအတွက် ကျွန်မတို့ရဲ့ လှူဒါန်းမှုက ထိရောက် အကျိုးရှိလိမ့်မယ်လို့ ယုံကြည်ပါတယ်။” ဟု ကမ္ဘောဇဘဏ် ဒုတိယအမှုဆောင်အရာရှိချုပ် ဒေါ်နန်းလိုင်းခမ်းက ပြောဆိုထားသည်။
.
ကမ္ဘောဇဘဏ်သည် ငွေကျပ်သိန်း ၃၀၀၀ တန်ဖိုးရှိ CE Standard PPE ဝတ်စုံများ၊ N95 Mask များ၊ ဆေးရုံသုံး လက်အိတ်များ၊ မျက်မှန်များ၊ သာမိုမီတာများနှင့် Hand Gel လက်သန့်ဆေးရည်ဗူးများကို ထပ်မံ လှူဒါန်းသွားမည်ဟု ဧပြီလ ၈ ရက်က ထုတ်ပြန်ထားသည့့်အပြင် ယင်းနေ့တွင်ပင် ရှမ်းပြည်နယ် ညောင်ရွှေမြို့နှင့် ရွှေညောင်မြို့သို့ လည်းကောင်း၊ ဧပြီလ ၇ ရက်က ကျောက်မဲဆေးရုံသို့ လည်းကောင်း၊ ဧပြီလ ၉ ရက်တွင် ရွာငံမြို့၊ ပင်းတယမြို့နှင့် မြိုင်မြို့များသို့ လည်းကောင်း သွားရောက်၍ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန် လိုအပ်သည့် ပစ္စည်းများကို လှူဒါန်းခဲ့ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ မြို့များသို့ နေရာအရောက် ဆက်လက် လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရသည်။
.
ကမ္ဘောဇဘဏ်သည် ရှမ်းပြည်နယ်အစိုးရနှင့် ပူးပေါင်း၍ COVID-19 Pandemic အတွက် ရှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီသို့ ကျပ်သိန်း ၃၀၀၀ မ,တည် လှူဒါန်းထားပြီး အများပြည်သူများ၏ ပါဝင် လှူဒါန်းမှုများကို စုပေါင်းကာ တစ်ဦးလျှင် ဆန် ၃ ပြည်၊ ကုလားပဲ ၁ ပိသာ၊ ဆီ ၁၈ ကျပ်သား ပါဝင်သော ရိက္ခာထုပ်ပေါင်း ၁၀၀၀၀၀ ကို လိုအပ်လာပါက အရေးပေါ် အသုံးပြုနိုင်ရန် အဆင်သင့် ပြင်ဆင်ထားပြီးလည်း ဖြစ်သည်။
.
ထို့အပြင် ကျပ်သိန်း ၁၄၆၂၄ သိန်း တန်ဖိုး ရှိသော ဆေးရုံသုံး ပစ္စည်းများကို လေကြောင်း၊ ကုန်းကြောင်းတို့ဖြင့် အမြန်ဆုံး ဝယ်ယူ၍ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ တစ်ဆင့် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ ဆေးရုံများသို့ ဖြန့်ခွဲ ပေးအပ်လှူဒါန်းထားပြီး ဖြစ်ကာ ကမ္ဘောဇဘဏ် အနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့်အတူ တစ်နိုင်ငံလုံး အတိုင်းတာဖြင့် လိုအပ်သည့် အချိန်၊ လိုအပ်သည့် နေရာများတွင် လိုအပ်သည်တို့ကို ပူးပေါင်း ပါဝင် လှူဒါန်းသွားရန် အသင့် စီစဉ် ဆောင်ရွက်ထားကြောင်း သိရသည်။
.