စိုင်းသိင်္ခသူ
.
တောင်ကြီးမြို့၊
စဝ်စံထွန်းဆေးရုံတွင် ဆေးကုသမှု ခံယူနေသည့် COVID-19 အတည်ပြု လူနာအမှတ်(၂၉)နှင့် ထိတွေ့သူများတွင် ပိုး တွေ့ရှိရခြင်း မရှိကြောင်းနှင့်
မိုင်းဖြတ်မှ လူနာအမှတ်(၆၄)နှင့် ဆက်စပ်သူများကိုလည်း လိုအပ်သည့် ကျန်းမာရေး လမ်းညွှန်ချက်များ
အတိုင်း Quarantine
များ လုပ်ဆောင်ထားရှိကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်
လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းထံမှ သိရသည်။
.
“ Case- 64 နဲ့အတူ ရန်ကုန်ကနေ ဟဲဟိုးကို လေယာဉ်တစ်စီးတည်း လိုက်ပါလာတဲ့ ၁၄ ယောက်(ရှမ်းတောင်မှ)
ကိုလည်း သူတို့ နေတဲ့ နေရာတွေမှာ Facility Quarantine လုပ်ထားပါတယ်။ ၂ ယောက်ကိုပဲ Hospital Quarantine လုပ်ပါတယ်။ သူတို့တွေရဲ့ တို့ဖတ်နမူနာတွေကို ၁၆ ရက်မှာ ယူပြီး
၁၇ ရက်မှာ ပို့ပါမယ်။”ဟု ပြည်နယ်ဝန်ကြီး ဒေါက်တာ မျိုးထွန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
COVID-19 အတည်ပြု လူနာအမှတ်(၂၉)နှင့် အတူ မော်တော်ယာဉ် စီးနင်းခဲ့ကြသည့် တောင်ကြီးမှ
မိသားစုဝင် ၂ ဦးနှင့် ကလောမှ ၁ ဦးတွင် ဓါတ်ခွဲစမ်းသပ်မှုအရ ပိုးတွေ့ရှိခြင်း မရှိသော်လည်း
ဆေးရုံတွင် Quarantine
အဖြစ် ဆက်လက် ထားရှိ၍ စောင့်ကြည့်သွားမည် ဖြစ်ကြောင်း ပြည်နယ်ဝန်ကြီးထံမှ
သိရသည်။
.
ထို့အတူ COVID-19 အတည်ပြု လူနာအမှတ်(၆၄) ရန်ကုန်- ဟဲဟိုး - ကျိုင်းတုံသို့
လေယာဉ်ဖြင့် ပြန်လာစဉ် အတူ လိုက်ပါ စီးနင်းသူများအနက် ဟဲဟိုးလေဆိပ်တွင် ၁၄ ယောက်၊ ကျိုင်းတုံလေဆိပ်တွင်၂၅
ယောက် ဆင်းခဲ့ခြင်း ဖြစ်ရာ ၎င်းတို့ အားလုံးကို သက်ဆိုင်ရာ နေရာများတွင် Quarantine ထားရှိ၍ အသွားအလာ ကန့်သတ်ထားပြီး ဖြစ်ကြောင်း သိရသည်။
.
ဟဲဟိုးလေဆိပ်တွင်
ဆင်းသည့် ၁၄ ယောက်တွင် တောင်ကြီးမှ ၉ ဦး ၊ အောင်ပန်းမှ ၁ ဦး၊ ညောင်ရွှေမှ ၁ ဦး၊
ဟိုပုံးမှ ၁ ဦးနှင့် မိုင်းပွန်မှ ၁ ဦးတို့ ဖြစ်ကြပြီး ယင်းတို့ကို သက်ဆိုင်ရာ နေရာများတွင်
Quarantine
ပြုလုပ်ထားကြောင်းနှင့် ကျိုင်းတုံ လေဆိပ်တွင် ဆင်းသည့် ၂၅
ဦးကိုလည်း သက်ဆိုင်ရာ နေရာများတွင် Quarantine ပြုလုပ်ထားပြီ ဖြစ်ကြောင်း သိရသည်။
.
မြန်မာနိုင်ငံ၌
ယနေ့ (ဧပြီလ ၁၅ ရက်)၊ နံနက် ၁၀ နာရီခွဲထိ COVID-19 အတည်ပြု လူနာ ၇၄ ဦး တွေ့ရှိထားပြီး ယင်းအနက် ရှမ်းပြည်နယ်မှ ၃ ဦး ပါဝင်ကာ ၎င်းတို့မှာ
စဝ်စံထွန်းဆေးရုံမှ လူနာအမှတ်(၂၉)၊ ကျောက်မဲဆေးရုံမှ လားရှိုးဆေးရုံသို့ လွှဲပြောင်းထားသည့်
လူနာအမှတ် (၁၄)နှင့် မိုင်းဖြတ်ဆေးရုံမှ ကျိုင်းတုံဆေးရုံသို့ လွှဲပြောင်းမည့်
လူနာအမှတ်(၆၄)တို့ ဖြစ်ကြောင်း သိရသည်။