ကျိုင်းတုံဆေးရုံရှိ ကျန်းမာရေးဝန်ထမ်း ၄ ဦးကို သွားလာမှု ကန့်သတ်၍ စောင့်ကြည့်ထား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျိုင်းတုံဆေးရုံရှိ ကျန်းမာရေးဝန်ထမ်း ၄ ဦးကို သွားလာမှု ကန့်သတ်၍ စောင့်ကြည့်ထား


ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံ ပြည်သူ့ဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်နေသည့် ကျန်းမာရေး ဝန်ထမ်း ၄ ဦးကို ဧပြီလ ၁၂ ရက်၊ ညနေမှ စတင်၍ အသွားအလာ ကန့်သတ်၍ ဝန်ထမ်းအိမ်ရာ၌ Quarantine ပြုလုပ်ထားကြောင်း သိရသည်။
.
ကျိုင်းတုံဆေးရုံမှ ဆေးဖက်ကျွမ်းကျင် - ၄ (ဓါတ်ခွဲ) ဝန်ထမ်းဖြစ်သူ အမျိုးသားသည်  ရန်ကုန်မြို့ရှိ အမျိုးသား ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာနသို့ တာဝန်ဖြင့် ဓါတ်ခွဲနမူနာ ပေးပို့ခဲ့ပြီးနောက် ရန်ကုန်မှ ကျိုင်းတုံသို့ မြန်မာ့လေကြောင်း ခရီးစဉ်ဖြင့် ဧပြီလ ၈ ရက်က လိုက်ပါ စီးနင်းခဲ့စဉ် COVID-19 အတည်ပြုလူနာ အမှတ် (၃၄)၊ (၃၅)၊ (၃၆)၊ (၃၇)တို့နှင့် အတူ ဘာသာရေးပွဲ တစ်ခုအား တက်ရောက်ခဲ့သည့် မိုင်းဖြတ်မြို့နယ်မှ အမျိုးသားနှင့် ထိုင်ခုံကပ်လျက် လေယာဉ် အတူ စီးနင်းခဲ့ကြောင်း သိရသည်။
.

အဆိုပါ ကျန်းမာရေးဝန်ထမ်း အမျိုးသား အပါအဝင် အခန်းတူ နေထိုင်ကြသည့် ကျန်းမာရေးဝန်ထမ်း ၃ ဦး၊ စုစုပေါင်း ၄ ဦးကို ဝန်ထမ်းအိမ်ရာ၌ Quarantine ပြုလုပ်ထားခြင်း ဖြစ်ကြောင်း သိရသည်။
.
“ ဟုတ်ပါတယ်။ အဲဒီ ဝန်ထမ်း ၄ ဦးရဲ့ ဓါတ်ခွဲနမူနာကို ယူပြီး ရန်ကုန်က အမျိုးသားကျန်းမာရေးဓါတ်ခွဲဌာနကို ဒီနေ့မှာပဲ ပို့လိုက်ပါပြီ "ဟု ကျိုင်းတုံပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာ လှဌေးမင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အတည်ပြုလူနာများနှင့် ဘာသာရေးပွဲအား အတူ တက်ရောက်ခဲ့သည့် အမျိုးသားနှင့် အခြား ဆက်စပ်ထိတွေ့သူ ၆ ဦးကိုလည်း မိုင်းဖြတ်မြို့နယ် ပြည်သူ့ဆေးရုံတွင် စောင့်ကြည့်လူနာ အဖြစ် သတ်မှတ်၍ သီးခြားထားရှိကာ ယင်းတို့၏ ဓါတ်ခွဲနမူနာများကို ရန်ကုန်မြို့ရှိ အမျိုးသားကျန်းမာရေးဓါတ်ခွဲဌာနသို့ ပေးပို့ထားကြောင်း သိရသည်။
.
ကျိုင်းတုံပြည်သူ့ဆေးရုံရှိ ဓါတ်ခွဲဌာနအခန်းများကို ပိုးသတ်ဆေး ပက်ဖျန်း၍ ယင်း ဓါတ်ခွဲဌာနတွင် လက်ရှိ အသွားအလာ ကန့်သတ်စောင့်ကြပ် ကြည့်ရှုထားသည့် ဝန်ထမ်း ၄ ဦး အပါအဝင် ကျန်းမာရေးဝန်ထမ်း စုစုပေါင်း ၁၃ ဦးခန့် တာဝန် ထမ်းဆောင်လျက် ရှိကြောင်း သိရသည်။
.
ရန်ကုန်မြို့မှ ဟဲဟိုး - ကျိုင်းတုံသို့ မြန်မာ့လေကြောင်း ခရီးစဉ်ဖြင့် ဧပြီလ ၈ ရက်တွင် စီးနင်းလိုက်ပါလာကြသည့် ခရီးသည်များအနေဖြင့် ကျန်းမာရေးဌာနများသို့ အမြန်ဆုံးဆက်သွယ် သတင်းပို့၍ ကျန်းမာရေး စစ်ဆေးမှုများ ခံယူကြရန် ကျန်းမာရေးဌာနက မေတ္တာ ရပ်ခံထားသည်။
.

Journal Download

Photo of three cats