တရုတ်အစိုးရ နယ်စပ်တွင် အရေးပေါ်ညွှန်ကြားချက် ထုတ်ပြန် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တရုတ်အစိုးရ နယ်စပ်တွင် အရေးပေါ်ညွှန်ကြားချက် ထုတ်ပြန်

စိုင်းသိင်္ခသူ
.
ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် တရုတ်နိုင်ငံဘက် ခြမ်းတွင် နယ်စပ်အရေးပေါ် ညွှန်ကြားချက်ကို ဧပြီလ ၂၃ ရက်က ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
.
“ နှစ်နိုင်ငံကိစ္စ ဆိုရင်တော့ ဒီဘက် နယ်ခြားဆက်ဆံရေးကော်မတီ အနေနဲ့ သိရပါတယ်။ ခုကတော့ သူတို့ ဘက်ခြမ်းကိုပဲ လုပ်တာ ဖြစ်တဲ့အတွက် တရားဝင် သိရတာ မဟုတ်ပါဘူး။ အဓိကတော့ ကျန်းမာရေးအရ COVID-19 ကာကွယ်ဖို့ သူ့ နိုင်ငံသားတွေကို တရားဝင်ရော တရားမဝင် လမ်းတွေကပါ မြန်မာဘက် မသွားဖို့ တားမြစ်တာပါ။” ဟု မူဆယ်မြို့မှ ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျော်သိန်းက ပြောသည်။
.
မြန်မာနိုင်ငံနယ်စပ်နှင့် ထိစပ်နေသည့် တရုတ်နိုင်ငံ နယ်စပ်တစ်လျှောက် ဖွဲ့စည်းထားသည့် ကျေးရွာ ကာကွယ်ရေးတပ်ဖွဲ့များကို လက်နက် တပ်ဆင်ကာ နေ့ခင်းပိုင်းကို လည်းကောင်း၊ တရုတ်စစ်တပ်မှ ညပိုင်းတွင် လည်းကောင်း လူဝင်လူထွက် မရှိစေရေး အထူးကြီးကြပ်စောင့်ကြပ်နေသည်ကို ကြားသိရသည်ဟု ဦးစိုင်းကျော်သိန်းက ပြောသည်။
.
Photo - Internet
 တရုတ်နိုင်ငံ၊ ရွှေလီရှိ တာဝန်ရှိသူများက နယ်စပ်ဒေသ အသီးသီးမှ ရပ်ကျေးပါတီ အတွင်းရေးမှူးများနှင့် အုပ်ချုပ်ရေးမှူးများကို ဧပြီလ ၂၃ ရက်က ဆင့်ခေါ်၍ ယူနန်ပြည်နယ်အစိုးရ၏ အရေးပေါ်ညွှန်ကြားချက်ကို နယ်စပ် တစ်လျှောက်တွင် နေထိုင်သည့် လူထုထံ ထပ်မံ အသိပေးရန် အစည်းအဝေး ပြုလုပ်ခဲ့သည်ဟု သိရသည်။
.
ယင်း အစည်းအဝေးအပြီး ထုတ်ပြန်သည့် ကြေညာချက်တွင် တရုတ်နိုင်ငံသားများ မြန်မာနိုင်ငံသို့ သွားရောက်ခွင့်ကို ယာယီ ပိတ်ပင်လိုက်ပြီး ခိုး၍ အဝင်/အထွက် ပြုလုပ်ပါက ထောင်ဒဏ် ချမှတ်အရေးယူမည် ဖြစ်ကြောင်းနှင့်  ယင်း ကာလကို ရက်ပေါင်း ၆၀ သတ်မှတ်ထားပြီး မြန်မာနိုင်ငံ၌ COVID-19 ရောဂါကူးစက်မှု အခြေအနေပေါ် မူတည်၍ ရက် ထပ်မံ တိုးနိုင်ကြောင်း၊ စည်းကမ်း သတ်မှတ်ချက်ကို ကျူးလွန်သူ ရွာသားအတွက် တစ်ရွာလုံးက တာဝန်ယူရမည့်အပြင် ရွာအတွက် ထောက်ပံ့ကြေးများကိုလည်း အစိုးရမှ ဖြတ်တောက်မည် ဖြစ်ကြောင်း၊ နယ်စပ်လုံခြုံရေးအတွက် စစ်သားဦးရေ ၆၀၀ ကို အင်အားဖြည့်ထားပြီး နေ့အချိန်တွင် နယ်ခြားစောင့်ရဲနှင့် ပြည်သူ့စစ်မှ တာဝန်ယူကာ ညတွင် စစ်တပ်မှ တာဝန်ယူမည် ဖြစ်ကြောင်း၊ ခိုးထွက်ပြီး ရောဂါ ကူးစက်ခံလာရပါက ကြီးလေးသော ပြစ်ဒဏ် ပို ခံရမည် ဖြစ်ကြောင်းနှင့် အရေးယူမှုအား စတင်သည့် ရက်မှာ ဧပြီလ ၂၄ ရက်မှ စတင်မည်ဟု ဖော်ပြပါရှိကြောင်း သိရသည်။
.
“ လူသာ အဝင်အထွက် ကန့်သတ်တာပါ။ ကုန်စည်တော့ ကိုယ်စား ယာဉ်မောင်းနဲ့ ဝင်ခွင့် ရနေပါတယ်၊ ကုန်စည် ပို့ဆောင်မှု မထိခိုက်ပါဘူး။”ဟု မူဆယ်အခြေစိုက် ခွာညိုသစ်သီးပွဲရုံပိုင်ရှင် ဦးစိုင်းခင်မောင်က ပြောသည်။
.
လက်ရှိ ဧပြီလ ၂၄ ရက်တွင် မူဆယ် ၁၀၅ မိုင်မှ ကျင်စန်းကျော့ လမ်းပိုင်းနှင့် ယာဉ်စစ်ကွင်းတွင် သစ်သီးတင်ယာဉ် ၈၀၀ ကျော်နှင့် ရေထွက်ကုန်တင်ယာဉ် ၃၀ ကျော်ခန့် ရှိနေပြီး ယခင်က လမ်းပိုင်းတွင် တစ်ပတ်ခန့် ကြာမြင့်မှုများကြောင့် ဖရဲသခွားတင် ယာဉ်များမှာ ကားခပင် ပြန်မရနိုင်ဘဲ ဖြစ်နေကြောင်း ဦးစိုင်းခင်မောင်က ဆက်လက် ပြောကြားသည်။
.

Journal Download

Photo of three cats