ရှမ်းပြည်နယ်တွင် COVID-19 အတည်ပြုလူနာ ၁ ဦး ထပ်မံ တွေ့ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းပြည်နယ်တွင် COVID-19 အတည်ပြုလူနာ ၁ ဦး ထပ်မံ တွေ့ရှိ

ရှမ်းပြည်နယ်မှ COVID-19 အတည်ပြုလူနာ အသစ် ၁ ဦး အပါအဝင် ၄ ဦး ထပ်မံ တွေ့ရှိခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့ (ဧပြီလ ၁၈ ရက်)၊ ညပိုင်းတွင် ၂ ကြိမ် (ပထမအသုတ်+ ဒုတိယအသုတ်) ထုတ်ပြန်ခဲ့ရာ မြန်မာနိုင်ငံတွင် အတည်ပြုလူနာ စုစုပေါင်း ၉၈ ဦး ရှိကြောင်း သိရသည်။



ရှမ်းပြည်နယ်မှ အတည်ပြုလူနာ အမှတ်(၉၆)သည် တာချီလိတ်မြို့နေ အသက် ၄၃ နှစ်အရွယ် အမျိုးသား ဖြစ်ကာ ယင်းလူနာသည် ဧပြီလ ၆ ရက်တွင် ရန်ကုန်မြို့မှ တာချီလိတ်မြို့သို့ လေယာဉ်ဖြင့် ပြန်လာသူ ဖြစ်ပြီး ၎င်းအား ကျိုင်းတုံ ဆေးရုံသို့ လွှဲပြောင်း၍ ဆေးကုသပေးမည် ဖြစ်ကြောင်း သိရသည်။
.
“ အတည်ပြု လူနာက ခွဲစိတ် ဆရာဝန်ပါ၊ လူနာ ကျန်းမာရေး အခြေအနေက ကောင်းပါတယ်။ သူနဲ့ ထိတွေ့ခဲ့တဲ့ သူက ၂၁ ယောက် ရှိတယ်၊ အဲ ၂၁ ယောက်ထဲမှာ ဆရာဝန်က ၁၀ ယောက် ပါနေတယ်။ တာချီလိတ်မှာ ထားဖို့က အဆင်မပြေလို့ ကျိုင်းတုံကို ပို့ဖို့ စီစဉ်ထားတာပါ။ ၂၁ ယောက်လုံးကို Quarantine လုပ်ထားတယ်။ သူ့အမျိုးသမီးက Close Contacts ဖြစ်ပါလိမ့်မယ်၊ ကျန်တဲ့ သူတွေကတော့ မသေချာသေးဘူးပေါ့။ လိုအပ်တဲ့ စမ်းသပ် စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။” ဟု ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေး ဝန်ကြီး ဒေါက်တာ မျိုးထွန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထို့အပြင် အတည်ပြု လူနာအသစ်များ ဖြစ်သည့် အမှတ် (၉၅)၊ (၉၇)နှင့် (၉၈)တို့မှာ ရန်ကုန်တိုင်းဒေသကြီးမှ အသွားအလာ ကန့်သတ်ထားသူများ ဖြစ်ကာ အတည်ပြုလူနာနှင့် ထိတွေ့ခဲ့သူများ ဖြစ်ကြောင်း သိရသည်။
.
မြန်မာနိုင်ငံတွင် ယနေ့ (ဧပြီလ ၁၈ ရက်)၊ ည ၉ နာရီထိ COVID-19 အတည်ပြုလူနာ ၉၈ ဦး ရှိပြီ ဖြစ်ကာ၊ ယင်းအနက် ၅ ဦး သေဆုံး၍ ၅ ဦးမှာ ပြန်လည် သက်သာလာပြီ ဖြစ်ကာ ရှမ်းပြည်နယ်တွင် အတည်ပြုလူနာ ၄ ဦး ရှိပြီ ဖြစ်ကြောင်း သိရသည်။
.

Journal Download

Photo of three cats