တောင်ကြီးမြို့နေသူ တစ်ဦး အပါအဝင် ၃ ဦးတွင် COVID-19 ပိုး တွေ့ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့နေသူ တစ်ဦး အပါအဝင် ၃ ဦးတွင် COVID-19 ပိုး တွေ့ရှိ


အင်္ဂလန်နိုင်ငံမှ ပြန်လာသည့် တောင်ကြီးမြို့နေ အသက် ၂၆ နှစ်အရွယ် အမျိုးသား တစ်ဦး အပါအဝင် လူနာ ၃ ဦးတွင် COVID-19 ပိုး တွေ့ရှိရကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ယနေ့ (ဧပြီလ ၁၁ ရက်) ည ၈ နာရီတွင် ထုတ်ပြန်ခဲ့သည်။
.
အဆိုပါ လူနာအမှတ်(၂၉)သည် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နေ အသက် ၂၆ နှစ်အရွယ် အမျိုးသား ဖြစ်ပြီး မတ်လ ၂၈ ရက်တွင် အင်္ဂလန်နိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လာသူ ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ သတ်မှတ်ထားသော အဆောက်အဦ တစ်ခုတွင် အသွားအလာ ကန့်သတ်ထားသူ ဖြစ်ကာ ဓါတ်ခွဲ နမူနာအား စစ်ဆေးစဉ် COVID-19 ပိုး တွေ့ရှိရခြင်း ဖြစ်ကြောင်းနှင့် ယင်းလူနာအား တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံသို့ လွှဲပြောင်း ပို့ဆောင်၍ ကုသရန် စီစဉ်နေကြောင်း သိရသည်။
.

လူနာအမှတ် (၃၀)သည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဆေးရုံ တစ်ခုတွင် တာဝန် ထမ်းဆောင်လျက်ရှိသော ဆရာဝန် တစ်ဦး ဖြစ်ပြီး ဓာတ်ခွဲ အတည်ပြုလူနာ တစ်ဦးအား အနီးကပ် ဆေးကုသမှု ပေးခဲ့သည့် ရာဇဝင် ရှိခဲ့သဖြင့် ၎င်းထံမှ ဓာတ်ခွဲ နမူနာအား စစ်ဆေးစဉ် COVID-19 ပိုး တွေ့ရှိရခြင်း ဖြစ်ကြောင်းနှင့် လူနာအား ဝေဘာဂီဆေးရုံကြီးသို့ လွှဲပြောင်းကုသရန် စီစဉ်လျက်ရှိပြီး လတ်တလော ကျန်းမာရေး အခြေအနေမှာ ကောင်းမွန်လျက်ရှိကြောင်း သိရသည်။
.
လူနာအမှတ်(၃၁)သည် ချင်းပြည်နယ်၊ တီးတိန်မြို့နယ်တွင် နေထိုင်သော အသက် ၄၉ နှစ်အရွယ် အမျိုးသမီး ဖြစ်ပြီး ဓာတ်ခွဲအတည်ပြုလူနာ အမှတ်(၁) တည်းခိုညအိပ်ရာ နေအိမ်မှ ဖြစ်ပြီး မတ်လ ၂၅ ရက်မှ စတင်ကာ  နေအိမ်၌ အသွားအလာ ကန့်သတ် ထားရှိခြင်း ဖြစ်ပြီး ဓာတ်ခွဲနမူနာအား စစ်ဆေးစဉ် COVID-19 ပိုး တွေ့ရှိရခြင်း ဖြစ်ကြောင်းနှင့် လူနာအား တီးတိန်ဆေးရုံသို့ လွှဲပြောင်း ပို့ဆောင်၍ ကုသရန် စီစဉ်နေပြီး လတ်တလော ကျန်းမာရေး အခြေအနေမှာ ကောင်းမွန်လျက် ရှိကြောင်း သိရသည်။
.
မြန်မာနိုင်ငံတွင် COVID-19 အတည်ပြုလူနာ ၃၁ ဦး အနက် သေဆုံးသူ ၃ ဦး၊ ပြန်လည် သက်သာလာသူ ၂ ဦး ရှိကာ ပြည်သူ လူထုအနေဖြင့် လူစုလူဝေး ရှိရာ နေရာများသို့ လုံးဝ (လုံးဝ) သွားရောက်ခြင်း မပြုရန်နှင့် ရောဂါကာကွယ်ရေး ဆိုင်ရာ ကျန်းမာရေး ပညာပေး အချက်အလက်များအား တိကျစွာ လိုက်နာ ဆောင်ရွက်ခြင်းဖြင့် မိမိ သာမက မိမိ၏ မိသားစုနှင့် ပတ်ဝန်းကျင်မှ လူများအတွက်ပါ ရောဂါ ကူးစက်မှု မရှိစေရေး ပူးပေါင်း ဆောင်ရွက်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ နှိုးဆော်ထားသည်။
.
ကမ္ဘာ့နိုင်ငံများနှင့် နယ်မြေဒေသများတွင် COVID-19 အတည်ပြု လူနာပေါင်း ၁၅၆၉၅၀၄ ဦးထိ တွေ့ရှိထားကာ ယင်းအနက် သေဆုံးသူမှာ ၉၅၂၆၉ ဦး ရှိကြောင်းနှင့် အမေရိနိုင်ငံတွင် ၄၆၁၂၇၅ ဦးဖြင့် ကမ္ဘာပေါ်တွင်  ရောဂါပိုး အများဆုံး တွေ့ရှိရပြီး သေဆုံးသူမှာ ၁၆၅၉၆ ဦး ရှိကြောင်း WHO ၏ ဧပြီလ ၁၁ ရက်က ထုတ်ပြန်ချက်များအရ သိရသည်။
.
#KBZTai  #COVID19  #News
.

Journal Download

Photo of three cats