COVID-19 လူနာအမှတ် (၂၆)မှာ လေ​​​ဖြတ် ဝေဒနာ ခံစားနေရသူ ဖြစ်နေဟု ဆို - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

COVID-19 လူနာအမှတ် (၂၆)မှာ လေ​​​ဖြတ် ဝေဒနာ ခံစားနေရသူ ဖြစ်နေဟု ဆို


မင်းဇာ်မင်း
.
​ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဧပြီလ ၁၀ ရက်၊ နံနက် အစောပိုင်းတွင် အတည်ပြု ထုတ်ပြန် ကြေညာခဲ့သည့် COVID-19 လူနာအမှတ်(၂၆)မှာ လေဖြတ်ဝေဒနာ ခံစားနေရသူ ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးဗိုလ်က ပြောသည်။
.
သူက နိုင်ငံခြားကို သွားထားတာ မရှိဘူး။ လေလည်း ဖြတ်နေတယ်။ သူက (COVID-19 ပိုး ရှိသူများနှင့်) မထိတွေ့ထားပေမယ့် သူ့ ယောကျာ်းကတော့ စင်ကာပူက စီးပွားရေး လုပ်ငန်းနဲ့ အသွား/အလာ ရှိတယ်၊ သူတို့အိမ်မှာပဲ နေကြတာ။ သူယောကျာ်းကတော့ တစ်ရက် ၊ နှစ်ရက်လောက် ဖျားပြီး အခု ပြန်ကောင်းသွားပြီ၊ သူ့ (အတည်ပြုလူနာ) မှာသာ ရှိနေတာ၊ အားလုံးကိုတော့ ကျန်းမာရေးအရ လုပ်နေကြပါပြီဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးဗိုလ်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ လူနာ၏ နေအိမ်သည် ပန်းလှိုင်အိမ်ယာဝင်းအတွင်း၌ တည်ရှိပြီး လက်ရှိတွင် လူနာ၏ နေအိမ်ကို Lockdown ချထားကြောင်းနှင့် အတူနေ မိသားစုဝင်များကိုလည်း အပြင် မထွက်ရ Lockdown ပြုလုပ်ထားကာ လှိုင်သာယာ မြို့နယ်တွင် COVID-19 ဖြစ်ပွားမှု နည်းပါးစေရန် အတွက် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ထိထိရောက်ရောက် လုပ်ဆောင်နေပြီး အရေးပေါ်အစည်းအဝေး တစ်ခု ပြုလုပ်ခဲ့ကြောင်း သိရသည်။
.

ဓာတ်ခွဲအတည်ပြု လူနာအမှတ်(၂၆)သည် ရန်ကုန်တိုင်း‌ဒေသကြီး၊ လှိုင်သာယာမြို့နယ်တွင် နေထိုင်သော အသက် ၅၆ နှစ်အရွယ် အမျိုးသမီး ဖြစ်ပြီး ပြည်ပ နိုင်ငံများသို့ လွန်ခဲ့သော ၁၄ ရက်အတွင်း ခရီးသွား ရာဇဝင် မရှိသော်လည်း ဧပြီလ ၁ ရက်က စ၍ ဖျားခြင်း၊ ချောင်းဆိုးခြင်းနှင့် လည်ချောင်းနာခြင်း ရောဂါလက္ခဏာများ ခံစားခဲ့ရသဖြင့် ဧပြီလ ၈ ရက်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ သွားရောက် ပြသခဲ့ရာ စောင့်ကြည့်လူနာအဖြစ် သတ်မှတ်၍ သီးခြား ထားရှိ ကုသမှု‌ ပေးပြီး ဓာတ်ခွဲနမူနာအား စစ်ဆေးစဉ် COVID-19 ပိုး တွေ့ရှိရခြင်း ဖြစ်ကြောင်းနှင့် လူနာတွင် သွေးတိုးရောဂါနှင့် ဆီးချိုရောဂါ အခံရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
.
မြန်မာနိုင်ငံတွင် COVID-19 အတည်ပြုလူနာ ၂၇ ဦး တွေ့ရှိထာကာ ယင်းအနက် သေဆုံးသူ ၃ ဦး၊ ပြန်လည် သက်သာလာသူ ၁ ဦး ရှိကာ ဓာတ်ခွဲ အတည်ပြု လူနာများနှင့် ထိတွေ့ခဲ့သူများ အားလုံးကို စုံစမ်းဖော်ထုတ်၍ အသွားအလာ ကန့်သတ်ကာ စောင့်ကြပ် ကြည့်ရှုမှုများ လုပ်ဆောင်မည် ဖြစ်၍ ဓာတ်ခွဲ အတည်ပြုလူနာများနှင့် အနီးကပ် ထိတွေ့ခဲ့သူများ အနေဖြင့် နီးစပ်ရာ ကျန်းမာရေး ဌာနသို့ အမြန်ဆုံး ဆက်သွယ် အကြောင်းကြားရန် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက တိုက်တွန်းနှိုးဆော်ထားသည်။
.

Journal Download

Photo of three cats