တောင်ကြီးမြို့ပေါ်ရှိ အဝေးပြေးယာဉ်လိုင်းများ ပြန်လည် ပြေးဆွဲရန် မသေချာသေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Monday, April 20, 2020

တောင်ကြီးမြို့ပေါ်ရှိ အဝေးပြေးယာဉ်လိုင်းများ ပြန်လည် ပြေးဆွဲရန် မသေချာသေး

စုလှိုင်
.
ရှမ်းပြည်နယ်၏ မြို့တော် တောင်ကြီးမြို့ပေါ်ရှိ ပြေးဆွဲမှု ရပ်နားထားသည့် အဝေးပြေးယာဉ်လိုင်းများမှာ ဧပြီလ ကုန်ထိ ပြန်လည် ပြေးဆွဲရန် မသေချာသေးကြောင်း သိရသည်။
.
“ ဂိတ် မဖွင့်သေးဘူး။ အိမ်စီး ကားလေးတွေပဲ အရေးပေါ်သွားနေတာပဲ ရှိပါတယ် ။ ဧပြီ လကုန်မှာတောင် ကျန်းမာရေး အခြေအနေကို ကြည့်ရဦးမယ်ဟု တောင်ကြီးမြို့ရှိ ယာဉ်လိုင်းတစ်ခုမှ ဂိတ်မှူးဖြစ်သူက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထို့အတူ တောင်ကြီးမြို့နယ် မထသ ဥက္ကဌ ဦးသန်းကျော်အား ဆက်သွယ် မေးမြန်းရာတွင် “ ဆွဲတဲ့ ကားတွေကတော့ ဆွဲတယ် ။ တချို့လည်း COVID 19 ရဲ့ ထုတ်ပြန်ချက်တွေလည်း ရှိတယ် ၊ တချို့ ယာဉ်မောင်းတွေက အဲဒါလေးတွေကို ကြောက်ပြီးတော့ပေါ့။ ဒီကတော့ တရားဝင် ပိတ်ထားတာ မရှိပါဘူး။ အဝေးလိုင်းတွေကတော့ အရင် ထုတ်ထားတဲ့ အမိန့်အရ ဆိုရင် ၂၁ ရက်၊ ည၁၂ နာရီ ထိ။ မန္တလေးတိုင်း ၊ ရန်ကုန်တိုင်းတွေက ဆွဲခွင့် ပိတ်ထားတာ မကြားရသေးဘူး။ မြို့ပေါ် လိုင်းတွေကတော့ မသိသေးဘူး ၊ အမိန့်နဲ့ ထုတ်ထားတာတော့ မကြားသေးဘူး။ မြို့ပေါ်လိုင်းတွေကတော့ အစ ကတည်းက မပိတ်ပါဘူး ဟု ပြောသည်။
.

COVID-19 ရောဂါကို ဒေသ တစ်ခုတွင် လည်းကောင်း၊ ဒေသတစ်ခုထက် ပို၍ လည်းကောင်း ကူစက်ပြန့်ပွားမှု ဖြစ်ပွား မလာစေရေးအတွက် ကာကွယ်ခြင်း လုပ်ငန်းများကို အထူး ဂရုပြု ဆောင်ရွက်ရမည် ဖြစ်ခြင်းကြောင့် ဧပြီလ ၇ ရက်မှ ၂၁ ရက်အထိ ယာဉ်လိုင်းများ၊ ဟိုတယ်များ၊ တည်းခိုခန်းများ ပိတ်သိမ်းထားရန်နှင့် သွား/လာ လည်ပတ်ခြင်းများ မပြုလုပ်ရန် ရှမ်းပြည်နယ် COVID-19  ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ပြည်နယ်အဆင့် လုပ်ငန်းကော်မတီမှ ဧပြီလ ၆ ရက်တွင် ထုတ်ပြန်ထားသည်။
.
ထို့အပြင် ယနေ့ (ဧပြီလ ၂၀)ရက်တွင် ရှမ်းပြည်နယ်အတွင်း၌ ဧပြီလ ၂၀ ရက်မှ မေလ ၁၉ ရက်အထိ ည မထွက်ရ အမိန့် ထုတ်ပြန်ထားခြင်းကြောင့် ညပိုင်းတွင်သာ ပြေးဆွဲသည့် (လူစီး) အဝေးပြေးယာဉ်လိုင်းများ အတွက် အခက်အခဲ ဖြစ်ပေါ်လာနိုင်ကြောင်းလည်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats

About