ကိုးကန့်ဒေသတွင် တရုတ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာမည့် မြန်မာရွှေ့ပြောင်းလုပ်သားများအတွက် Border Quarantine ပြုလုပ်ရန် ခက်ခဲနေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကိုးကန့်ဒေသတွင် တရုတ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာမည့် မြန်မာရွှေ့ပြောင်းလုပ်သားများအတွက် Border Quarantine ပြုလုပ်ရန် ခက်ခဲနေ


ကိုစိုး (ကမ္ဘောဇတိုင်း)
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်ရှိ ရန်လုံကျိုင်းနယ်စပ်ဂိတ်နှင့် ချင်းရွှေဟော်နယ်စပ်ဂိတ်များတွင် တရုတ်နိုင်ငံဘက်မှ ပြန်လည်ဝင်ရောက်လာမည့် မြန်မာရွှေ့ပြောင်းလုပ်သား ၂၅၀၀၀ ခန့် ရှိနေပြီး ၎င်းတို့အတွက် နယ်စပ်ဒေသတွင် အသွားအလာ ကန့်သတ်စောင့်ကြည့်ခြင်း Border Quarantine ပြုလုပ်ပေးရန်အတွက် အခက်အခဲများ ဖြစ်ပေါ်နေသည်ဟု သိရသည်။
.
.
“အဓိက ကတော့ သင်္ကြန်ပြီးကာလမှာ ရှမ်းပြည်နယ်မှာ ကြုံတွေ့ရမယ့် အခက်အခဲတစ်ခုရှိပါတယ်။ တရုတ်နိုင်ငံ၊ လင်ချန်းပြည်နယ်ဘက်ကနေ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်နဲ့ ချင်းရွှေဟော်မြို့က နယ်စပ်ဝင်ပေါက်တွေကနေ နေ့စဉ်ဝင်လာတဲ့ မြန်မာနိုင်ငံသားတွေ ရှိနေပါတယ်။ တရုတ်ဘက်နဲ့ ညှိနှိုင်းဆောင်ရွက် တဲ့အခါမှာ အနည်းဆုံး ၂၅၀၀၀ ခန့် ရှိတယ်လို့ သိရပါတယ်။ သူတို့တွေကို အားလုံး Quarantine လုပ်ဖို့အတွက် နေရာ ထိုင်ခင်းကအစ အခက်အခဲရှိတယ် ဆိုပြီး ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးဥက္ကဋ္ဌက ရှမ်းပြည်နယ်အစိုးရအဖွဲ့ ကို တင်ပြထားပါတယ်” ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ မြန်မာရွှေ့ပြောင်းအလုပ်သမားများမှာ တောင်ယာလုပ်ငန်းလုပ်ကိုင်သူများ၊ ကြံခုတ်လုပ်သားများ၊ ခြံစိုက် အလုပ်သမားများ၊ စက်ရုံအလုပ်သမားများ စသည့်လုပ်ငန်းခွင်ပေါင်းစုံတွင် ရှိနေပြီး တရုတ်အစိုးရအနေဖြင့်လည်း ၎င်း တို့ကို တစ်စုတစ်စည်းတည်း Quarantine ပြုလုပ်နိုင်ခြင်းမရှိသည့်အတွက် ကျန်းမာရေးစစ်ဆေး၍ မြန်မာဘက်သို့ ပြန် လည်လွှဲပြောင်းပို့ဆောင်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။
.
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် တရုတ်နိုင်ငံဘက်မှ ပြန်လည်ဝင်ရောက်လာသူများကို Quarantine ပြုလုပ် နိုင်ရန် ၁၁ နေရာ စီစဉ်ပေးထားပြီး လူဦးရေ ၆၀၀ ခန့်ကိုသာ လက်ခံထားနိုင်သည်ဖြစ်ရာ လက်ရှိတွင် ယင်းစင်တာ အားလုံ ပြည့်နေပြီဖြစ်သည့်အတွက် ထပ်မံဝင်ရောက်လာမည့် သူများကို လက်ခံနိုင်ရန် အခက်အခဲဖြစ်ပေါ်နေခြင်း ဖြစ်ကြောင်း သိရသည်။
.
“သူတို့ကို စာရင်းကောက်လိုက်တဲ့အခါမှာ အများစုက မကွေးတိုင်းဒေသကြီးက အလုပ်သမားတွေလို့ သိရပါတယ်။  ရှမ်းအစိုးရအနေနဲ့ COVID-19 ရောဂါ ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီကို ဆက်လက်တင်ပြထား ပါတယ်။ သက်ဆိုင်ရာ တိုင်းဒေသကြီးတွေနဲ့ ညှိနှိုင်း ပြီးတော့ Quarantine ကို ခွဲပြီးတော့ တာဝန်ယူမယ်ဆိုရင် အဆင်ပြေနိုင်တဲ့ အနေအထား ရှိပါတယ်။ အဲဒီ ကိစ္စကိုလည်း ညှိနှိုင်းဆောင်ရွက်ပြီး ဖြေရှင်းသွားမှာဖြစ်ပါတယ်” ဟု ပြည်နယ်ဝန်ကြီး ဦးစိုးညွန့်လွင်က ပြောဆိုခဲ့သည်။
.
ထို့အပြင် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံခရိုင်အတွင်းရှိ အထူးဒေသ (၄) မိုင်းလားမှ တစ်ဆင့် ပြည်တွင်းသို့ ပြန်လည် ဝင်ရောက်လာမည့် မြန်မာရွှေ့ပြောင်း လုပ်သားများလည်း များစွာရှိနေကြောင်း သိရသည်။
.

Journal Download

Photo of three cats