.
ရှမ်းပြည်နယ်မြောက်ပိုင်း၊
ကျောက်မဲမြို့၊ အမှတ်(၈)ရပ်ကွက်တွင် မပေါက်ကွဲသေးသည့် လက်ပစ်ဗုံး တစ်လုံး တွေ့ရှိသဖြင့်
သက်ဆိုင်ရာသို့ အပ်နှံခဲ့ကြောင်း ကျောက်မဲမြို့ ဇီဝိတလူမှုကူညီရေးအသင်းထံမှ သိရသည်။
.
“ မနက်တိုင်း
အမှိုက်တွေကို သိမ်းဆည်း မီးရှို့နေတဲ့သူက အမှိုက် စုပုံရင်း ပလပ်စတစ်အိပ်ကို ကောက်ယူရာက
ထွက်ကျလာတာကို တွေ့တာ ရပ်ကွက်အုပ်ချုပ်ရေးမှူးကို အပ်လိုက်ပါပြီ” ဟု ဇီဝိတလူမှုကူညီရေးအသင်းမှ
ဦးတင်မောင်သိန်းက ပြောသည်။
.
အဆိုပါ လက်ပစ်ဗုံးအား
တွေ့ရှိခြင်း မရှိဘဲ အမှိုက် မီးရှို့ခဲ့ပါက ပေါက်ကွဲမှု ဖြစ်ပေါ်ကာ ထိခိုက် ဆုံးရှုံးမှုများ
ဖြစ်ပွားနိုင်ခြင်းကြောင့် ရပ်ကွက်နေ ပြည်သူများ အကြား စိုးရိမ်မှုများ ဖြစ်ပေါ်နေကြောင်းလည်း
သိရသည်။
.
ကျောက်မဲမြို့၊
အမှတ်(၈) ရပ်ကွက်ရှိ ဝေဠုဝန်ကျောင်းဝန်း ရွှေစေတီ အနီးတွင် ဧပြီလ ၄ ရက်၊ နံနက် ၁၀
နာရီခွဲခန့်က ယင်း မပေါက်ကွဲသေးသည့် လက်ပစ်ဗုံးအား တွေ့ရှိရခြင်း ဖြစ်ကာ အဆိုပါ နေရာသည်
မူးယစ်ဆေးဝါး သုံးစွဲသူများ လာရောက်လေ့ ရှိသည့်နေရာ ဖြစ်ကြောင်း သိရသည်။