စိုင်းသိင်္ခသူ
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊
တာချီလိတ်မြို့၌ ဧပြီလ ၁၂ ရက်တွင် ဒေသန္တရအမိန့် ချိုးဖောက်ကာ သင်္ကြန်ပါတီပွဲ
ပြုလုပ်သူများကို တရားရုံးမှ ငွေဒဏ်ကျပ် ၅၀၀၀ စီသာ ပြစ်ဒဏ်ချမှတ်ခဲ့သည့် အပေါ် ဝေဖန်မှုများ
မြင့်တက်နေကြောင်း သိရသည်။
.
အဆိုပါ သင်္ကြန်ပါတီပွဲ
ပြုလုပ်နေမှုအား လူမှုကွန်ရက်တွင် တိုက်ရိုက် ထုတ်လွှင့်ခဲ့ပြီးနောက် အရေးယူနိုင်ရေး
အဆင့်ဆင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သော်လည်း ယခုတွင် ပြည်နယ် သဘာဝဘေးအန္တရာယ်ကော်မတီမှ
ပုဒ်မပြောင်းလဲ ဆောင်ရွက်ရန် လမ်းညွှန်ခဲ့သဖြင့် တရားရုံးမှ သင်္ကြန်ပါတီ
ပြုလုပ်သူများကို တစ်ဦးလျှင် ကျပ်ငွေ ၅၀၀၀ စီသာ ချမှတ်ခဲ့ခြင်း အပေါ် ဒေသခံများ၏ ပြင်းထန်စွာ
ဝေဖန်မှုများ ထွက်ပေါ်နေခြင်း ဖြစ်သည်။
.
ရှမ်းပြည်နယ်အတွင်း၌
ည မထွက်ရအမိန့်အား ဖောက်ဖျက်ခဲ့သူ အနည်းဆုံး ၂၀ ဦးခန့်ကို ထောင်ဒဏ် ၃ လအထိ
ပြစ်ဒဏ်များ ချမှတ်ခဲ့သော်လည်း ဒေသန္တရအမိန့်အား ဖောက်ဖျက်၍ လူစုလူဝေးဖြင့် သင်္ကြန်ပါတီပွဲ
ပြုလုပ်သူများကို ငွေဒဏ်ကျပ် ၅၀၀၀ သာ ကျခံစေရန် အမိန့်ချမှတ်ခဲ့သည့်အပေါ် ဝေဖန်နေကြခြင်း
ဖြစ်ကာ ငွေကျပ် ၂၅၀၀၀ ဒဏ်ငွေ ဆောင်၍ သင်္ကြန်ပွဲတော်အား ဆင်နွှဲမည်ဟူသော ပျက်ရယ်ပြုသည့်
မှတ်ချက်များလည်း ထွက်ပေါ်နေလျက် ရှိသည်။
.
တာချီလိတ်မြို့ရှိ
Mr Crush
Bar ၌ သင်္ကြန်ပါတီပွဲ ကျင်းပနေသည့် ရုပ်သံဖိုင်မှာ လူမှုကွန်ရက်တွင်
ပျံ့နှံ့သွားပြီး တာချီလိတ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောမှ တရားလို ပြုလုပ်၍
တာချီလိတ်မြို့မရဲစခန်းတွင် တိုင်ကြားခဲ့ခြင်း ဖြစ်ပြီး၊ ရဲစခန်းမှ တာချီလိတ်မြို့နယ်
ဥပဒေအရာရှိ၏ အကြံပြုချက်အရ ၂၅၊ ၃၀(က)နှင့် အမှု ဖွင့်လှစ်ရန် လုပ်ထုံးလုပ်နည်းများအရ
ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီသို့ တရားစွဲဆိုခွင့် တင်ပြခဲ့ရာ
သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ ပုဒ်မများဖြင့် အရေးမယူစေဘဲ ကူးစက်ရောဂါ ကာကွယ်နှိမ်နှင်းရေး
ဥပဒေဖြင့်သာ ပြောင်းလဲ အရေးယူရန် ညွှန်ကြားလာခဲ့သည်ဟု အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ တာချိလိတ်မြို့မရဲစခန်း
စခန်းမှူး ဒုရဲမှူး ကျော်ထွန်းနိုင်က တာချီလိတ် အခြေစိုက် သတင်းမီဒီယာများသို့
ရှင်းလင်း ပြောဆိုထားသည်။
.
ယင်းသို့ ညွှန်ကြားလာသည့်အတွက်
ကူးစက်ရောဂါများ ကာကွယ်နှိမ်နှင်းရေးဥပဒေသည် ရဲအရေး မပိုင်သည့် ဥပဒေ ဖြစ်ခြင်းကြောင့်
ကျန်းမာရေးဌာနမှ တရားလို ပြုလုပ်ကာ ဧပြီလ၂၇ ရက်တွင် တာချီလိတ်မြို့နယ်တရားရုံးသို့
ဦးတိုက်လျှောက်ထား တရားစွဲခဲ့ရာ တာချီလိတ်မြို့နယ်တရားရုံးမှ တရားစွဲမှုကို လက်ခံပြီး
စစ်ဆေးခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
.
အဆိုပါ အမှုကို
စစ်ဆေးရာတွင် လူကြီးတရားခံ ၉ ဦးနှင့် ကလေး တရားခံ ၃ ဦးတို့ အားလုံးက ဝန်ခံသဖြင့် လူကြီး
တရားခံ ၉ ဦးကို တစ်ဦးလျှင် ဒဏ်ငွေကျပ် ၅၀၀၀ စီ ချမှတ်ခဲ့ပြီး ကလေး ၃ ဦးကို ပြောဆို
ဆုံးမ၍ ပြန်လွှတ်လိုက်ကြောင်း ဒုရဲမှူး ကျော်ထွန်းနိုင်၏ ရှင်းလင်း ပြောကြားမှုအရ သိရသည်။
.
တာချီလိတ်မြို့တွင်
COVID-19
ကာကွယ်ရေးအတွက် လူစုလူဝေး မလုပ်ရန်၊ သင်္ကြန်ပွဲ မကျင်းပရန်
ဒေသန္တရအမိန့် ထုတ်ထားသည့်ကာလ ဖြစ်သည့်
ဧပြီလ ၁၂ ရက်၊ ညနေပိုင်းက ထိုင်းနိုင်ငံသားများ အပါအဝင်
လူစုလူဝေးဖြင့် သင်္ကြန်ပါတီပွဲ ပြုလုပ်မှုကို ရဲတပ်ဖွဲ့ဝင် တစ်ဦးက လူမှုကွန်ရက်တွင် တိုက်ရိုက်ထုတ်လွှင့်ခဲ့ခြင်း ဖြစ်သည်။
.