.
ရှမ်းပြည်နယ်တောင်ပိုင်း၊
အောင်ပန်းမြို့မစျေးတွင် ဧပြီလ ၁၁ ရက်က သင်္ကြန်အကြို အဖြစ် စျေးဝယ်သူ ရာနှင့်ချီ၍
များပြားလာသည့်အတွက် နေအိမ်သို့ ပြန်ကြရန် တိုက်တွန်းနှိုးဆော်မှုများ ပြုလုပ်ခဲ့ရကြောင်း
သိရသည်။
.
“ ဒေသန္တရအမိန့်လည်း
ထုတ်ထားပါတယ်။ ခုက လူတွေစုဝေး များပြားလာလို့ ရောဂါ ထိန်းချုပ်နိုင်ဖို့အတွက်
အိမ်ပြန်ကြဖို့ တိုက်တွန်းရတာ ဖြစ်ပါတယ်။” ဟု ကလောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးခင်မင်းက
ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ အောင်ပန်းမြို့မစျေးသို့
လာရောက်သူ ၅၀၀ ဦးခန့် ရှိခဲ့ပြီး မြို့ COVID-19 ရောဂါ ထိန်းချုပ်ရေးအဖွဲ့များက ဈေးဝယ် လာရောက်သူများအား ကိုယ်အပူချိန် တိုင်းတာစစ်ဆေးရာတွင်
ကိုယ်အပူချိန် ၃၈ ဒီဂရီကျော်လွန်သူ ၂ ဦးကို တွေ့ရှိခဲ့ရသဖြင့် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရကြောင်း
အောင်ပန်း လူမှုကူညီရေးအသင်းထံမှ သိရသည်။
.
ကိုယ်အပူချိန်
၃၈ ဒီဂရီကျော်လွန်သူ ၂ ဦးမှာ အသက် ၂၃ နှစ်အရွယ် အမျိုးသမီးနှင့် အသက် ၁၈ နှစ် အရွယ်
အမျိုးသားတို့ ဖြစ်ကြကာ အမျိုးသားမှာ ဆေးရုံတွင် အပူချိန် သာမန်သို့ ပြန်လည် လျော့ကျခဲ့သဖြင့်
အမျိုးသမီးကိုသာ စောင့်ကြည့် ကုသမှုပေးနေကြောင်း သိရသည်။
.
အောင်ပန်းမြို့၊
မြို့မစျေးတွင် ဈေးဝယ်သူများအား လူစု ကွဲရန် ပိတ်ဆို့မှုများ ပြုလုပ်၍ အော်လံများဖြင့်
လိုက်လံ အသိပေးမှုများ ပြုလုပ်ခဲ့ကာ ဈေးဆိုင်များရှိ ပစ္စည်းများကို သိမ်းဆည်းစေပြီး
ညနေ ၃ နာရီတွင် စျေးကို ပိတ်သိမ်းစေခဲ့ကြောင်း သိရသည်။
.
ရှမ်းပြည်နယ်
တောင်ပိုင်းမှ အချို့သော မြို့နှင့် ဒေသများရှိ ဈေးများတွင်လည်း ယင်းကဲ့သို့ ဈေး
ဝယ်သူများဖြင့် အထူး စည်ကားနေသော်လည်း တားမြစ်သူ မရှိဘဲ ရောင်း/ဝယ်မြဲ ပြုလုပ်နေလျက်
ရှိကြောင်း သိရသည်။
.